Local News

ပြည်တွင်းသုံး ကုလားပဲ အနည်းငယ်ဈေးမြင့်တက်လာပြီး ပဲစင်းငုံမှာ ဈေးကျဆင်းနေ

Last Updated:

ပြည်တွင်းသုံးကုလားပဲအုပ်စု ဈေးပြန်မြင့်တက်လာပြီး ပို့ကုန် ပဲစင်းငုံဈေးကျဆင်းနေကြောင်း ပဲကုန်သည်များထံက သိရသည်။ ပို့ကုန်ပဲများဈေးကျဆင်းရာကနေ အနည်းငယ်သာဈေးပြန် တက်လာသလို ပြည်တွင်းသုံး ကုလားပဲအုပ်စုနှင့် မြေပဲဆံဈေး အရောင်းအဝယ်သွက်နေခြင်းဖြစ်သည်။ ဈေးကွက်အတွင်း အသစ်ဝင်ပဲများ ဝင်ရောက်လာမှုကြောင့် ဈေးကျဆင်းမှုများရှိနေပြီး လက်ရှိပေါက်ဈေးများမှာ လှောင်လက်သမားများအကြိုက် အဝယ်ကောင်းနေကြောင်း၊ တရုတ်လိုင်း လမ်းကြောင်းပြန်ကောင်းလာတာကြောင့် ပဲကြီး၊ ပဲထောပတ်၊ မြေပဲလုံးဆံတို့သာ ဈေးကောင်းနေခြင်းဖြစ်ကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

"ဈေးကျဆင်းနေတဲ့ ကုလားပဲအုပ်စု ဈေးပြန်တက်လာပါတယ်။ ကုလားပဲအသစ်တွေကလည်း အဝင်များလာပေမယ့် ဈေးမကျဘဲ ခပ်မာမာရှိနေပါတယ်။ ကုလားပဲကို လှောင်လက်သမားတွေ အဝယ်ကောင်းနေသလို တရုတ်အဝယ်လိုင်းကို ထွက်နေပါတယ်။ ပို့ကုန် ပဲစင်းငုံကတော့ သီတင်းပတ်လုံး ဈေးကျဆင်းနေတာကနေ ပြန်တက်လာပါတယ်။ ပဲမာလိုင်းထဲက မြေထောက်ပဲ၊ ပဲနီပြာ၊ ပဲကြီး၊ ထောပတ်ပဲတွေ ထူးထူးခြားခြား ဈေးကျဆင်းနေလို့ လှောင်လက်သမားအကြိုက်ဈေးတွေ ဖြစ်နေပါတယ်။ အသစ်ဝင် ပဲမာလိုင်း ဈေးကျဆင်းနေသော်လည်း အဝင်ရှိသလောက် အဝယ်ရှိနေပါတယ်။ မြေပဲဆံတွေကတော့ တရုတ်လိုင်း အဝယ်ပြန်ကောင်းလို့ ဈေးကောင်းနေပါတယ်။ နှမ်းမျိုးစုံ ဈေးကွက်ကတော့ ပုံမှန်သာအရောင်းအဝယ်ရှိပါတယ်"  ဟု ၎င်းက ပြောသည်။

မတ် ၁၄ ရက်တွင် ပို့ကုန်ပဲများ ဈေးပြန်မြင့်တက်လာရာ မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၃၆၆၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၁၆၀၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာသည်။      

ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ အနည်းငယ်ဈေးကျဆင်းနေရာက ပြန်တက်လာရာ  မတ် ၁၄ ရက်တွင် ကုလားပဲ V2 တစ် အိတ်လျှင် ငွေကျပ် ၂၅၇၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၅၈၀၀၀၊  ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၈၀၀၀၊ ၉၂၉ ကုလားပဲတစ်အိတ် လျှင် ငွေကျပ် ၂၅၂၀၀၀ ပေါက် ဈေးဖြစ်လာသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများမှာ အသစ်ဝင်ရောက်မှုများလာတာကြောင့်လည်း ဈေးကျဆင်းနေရာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၄၁၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ကျွန်းစားတော်ပဲတစ် အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၄၅၀၀၀ ပေါက် ဈေးရှိ ပြီး တရုတ်လိုင်းအဝယ်ရှိလာတာကြောင့် မြေပဲအနီလုံးဆံ(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၈၁၀၀-၈၃၀၀ ဈေးကျဆင်းနေသည်။

မတ် ၁၄ ရက်တွင် နှမ်းမျိုးစုံ အနည်းငယ်ဈေးမြင့်တက်လာရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၄၁၀၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ နှမ်းဝါတစ်အိတ်လျှင် ငွေကျပ် ၃၂၅၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၄၁၀၀၀၀ အသီးသီးပေါက်ဈေးရှိလာကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News