International News

နစ်ဆန်းကုမ္ပဏီက ၎င်း၏မော်ဒယ်ဟောင်းလျှပ်စစ်ကားများအား စွန့်ပစ်သကဲ့သို့ လက်လွတ်စပယ် ဆောင်ရွက်ခဲ့မှုအပေါ် ပြစ်တင်ခြင်းခံနေရ

Last Updated:

Nissan ကုမ္ပဏီက၎င်း၏ အပလီကေးရှင်းအသစ်သည် မော်ဒယ်ဟောင်းလျှပ်စစ်ကားများအတွက် အလုပ်မလုပ်တော့ကြောင်း ကြေညာပြီးနောက် NissanLeaf ကားပိုင်ရှင်များက ၎င်းတို့၏ မော်တော်ကားများအား စွန့်ပစ်သကဲ့သို့ ဆောင်ရွက်ခဲ့သည်ဟူ၍ ကုမ္ပဏီကို စွပ်စွဲလိုက်ပါသည်။

ဗြိတိန်မှ 2G ကွန်ရက်ကို ပိတ်လိုက်သောကြောင့် အဝေးထိန်းစနစ်ဖြင့် အပူပေးခြင်းအပါအဝင် 2G ကွန်ရက်တွင်အလုပ်လုပ်သည့် Nissan ကုမ္ပဏီ၏ အက်ပလီကေးရှင်းအဟောင်း (Nissan Connect EV) သည် ၁-၄-၂၀၂၄ မှစ၍ အသုံးမဝင်တော့ကြောင်း၊ ၂၀၁၆ ခုနှစ်မတိုင်မီ ထုတ်လုပ်ခဲ့သည့် NissanLeaf နှင့် e-NV200 ကားစီးရေ စုစုပေါင်း ၃,၀၀၀ ခန့်သည် ထိခိုက်နစ်နာနိုင်ကြောင်း၊ သို့သော် လမ်းကြောင်းစနစ် (Navigation System) တွင် ထည့်သွင်းထားသည့် ရာသီဥတုနှင့်ကိုက်ညှိထားသည့် ချိန်ကိုက်စနစ် Timer နှင့် အားသွင်းစနစ် Timer တို့ကိုမူ ဆက်လက်အသုံးပြုနိုင်သေးကြောင်း ကုမ္ပဏီက ဘီဘီစီကို ပြောကြားခဲ့ပါသည်။

ကျွမ်းကျင်သူများကမူ Nissan ကုမ္ပဏီစျေးကွက်မှာ ကြီးမားသောကြောင့် ပိုမိုများပြားသော လျှပ်စစ်မော်တော်ကားများကို ထိခိုက်မည်ဟု ခန့်မှန်းထားကြပါသည်။ ထိခိုက်နစ်နာသောပိုင်ရှင်များက 2G ကွန်ရက်ကို ယခု (၁၀) စုနှစ်ကုန်အထိ ပိတ်မည်မဟုတ်ဟု မိုဘိုင်းအော်ပရေတာများမှ သိရှိရကြောင်း BBC အား ပြောကြားခဲ့ပါသည်။

Nissan Leaf ၂၀၁၃နှင့် ၂၀၁၄ မော်ဒယ်ပိုင်ရှင်များက အခြားနည်းလမ်းများစီစဉ်ရန် အနည်းဆုံး (၆) လ၊ (၁) နှစ် ကြိုတင်အချိန် ပေးသင့်ကြောင်း၊ စွန့်ပစ်လိုက်ရမည့်အပိုင်းမှာ မော်တော်ကားတစ်စီး၏ အဓိကအင်္ဂါရပ်တစ်ခုဖြစ်နေကြောင်း၊ နစ်ဆန်တပတ်ရစ်ကားကို ၂၀၂၂ ခုနှစ်တွင် ဝယ်ယူစဉ်က ယခုစွန့်ပစ်လိုက်ရသည့်အချက်များမှာ အဓိကရောင်းအားမြှင့်တင်သည့် အချက်များဖြစ်ကြောင်း၊ အပလီကေးရှင်း ပိတ်သိမ်းခြင်းနှင့်ပတ်သက်၍ ကြိုတင်အသိပေးခြင်းမရှိသောကြောင့် မော်တော်ကားအား အဆင့်မြှင့်တင်ခြင်း၊ အခြား Nissan တစ်စီးကိုဝယ်ယူခြင်းတို့ကို ဆုံးဖြတ်ရန်ခက်ခဲသွားကြောင်း၊ ကားတစ်စီးဝယ်ယူလျှင် အနည်းဆုံး ၁၀ နှစ်အာမခံချက် ပေးသင့်ကြောင်းတို့ကို ပြောကြားခဲ့ပါသည်။

Nissan အနေဖြင့် ခေတ်နောက်ကျန်ခဲ့သောကိစ္စများအတွက်လည်း ဆောင်ရွက်ပေးထားသင့်ကြောင်း၊ နောင်တွင် နည်းပညာတိုးတက်လာသည်နှင့်အမျှ ဆော့ဖ်ဝဲအဆင့်မြှင့်ပါက ယခုလိုပြဿနာမျိုးကို ယာဉ်ပိုင်ရှင်အများစု ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ အခြားမော်တော်ကားထုတ်လုပ်သူများအနေဖြင့်လည်း ၎င်းတို့၏ အပလီကေးရှင်းများကို လစဉ်ကြေးဖြင့် အသုံးပြုခွင့်ပေးသင့်ကြောင်း၊ ယခုပြဿနာကို အမြဲစောင့်ကြည့်ရမည်ဖြစ်ပြီး နောင်ထုတ်လုပ်မည့် Nissan Leaf ကားများကို ပိုမိုသက်တမ်းကြာရှည်မည့် အပလီကေးရှင်းများဖြင့်သာ ထုတ်လုပ်သင့်ကြောင်း ပညာရှင်များက ပြောကြားထားပါသည်။

Source: https://www.bbc.com/news

Source: https://commerce.gov.mm

Category: International News