Local News

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ငါးခူပိဿာချိန် ၅၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ငါးခူးရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စိုးစိုးက ပြောပြ၍ သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်း ငါးခူပိဿာချိန် ၄၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ငါးခူပိဿာချိန် ၅၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါငါးခူများ ဈေးကောင်းရရှိလာသည့်အတွက် ရေလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ “ငါးခူတင်ပို့အားကောင်းတော့ အဓိကအဆင်ပြေနေတာက ရေလုပ်သားတွေပါ။ ပြီးခဲ့တဲ့တစ်လအတွင်း ငါးခူပိဿာချိန် အမြောက်အမြား တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဘက်ကနေ ဝယ်ယူမှုအပေါ်မူတည်ပြီး တင်ပို့ရောင်းချနေပါတယ်။ လက်ရှိအချိန်က ဒေသမှာ ငါးခူတွေထွက်ရှိနေတဲ့အချိန်ပါ။ ဒီငါးခူက ပြည်တွင်းမှာစားသုံးမှုများတဲ့ ငါးဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ပြီး ရန်ကုန်ဈေးကွက်ကနေတစ်ဆင့် အခြားပြည်တွင်း၊ ပြည်ပဈေးကွက်တွေဆီ ဆက်လက်ဖြန့်ဖြူးရောင်းချတာဖြစ်ပါတယ်။ ငါးခူတွေ တင်ပို့ရောင်းချအား တက်ခဲ့တာကလဲ ပြည်တွင်းငါးခူလုပ်ငန်းတွေ ပြန်လည်လည်ပတ်လုပ်ကိုင်လာတာကြောင့် ဖြစ်ပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ‌ဒေါ်စိုးစိုးက ပြောပြသည်။ မော်လမြိုင်ကျွန်းမြို့နယ်တွင် ထွက်ရှိသည့် ငါးခူ ၁၀ ပိဿာလျှင် ငွေကျပ် ၁၄၅၀၀၀ မှ ၁၆၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ငါးခူများဝယ်ယူမှု အားကောင်းလာသည့်အတွက် ရေချိုငါးခူမွေးမြူသူများ၊ ကုန်သည်များ၊ ရေချိုငါးခူရှာဖွေသူ လုပ်သားများ၊ ကုန်တင်ယာဉ် အငှားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News