Local News

အာလူးဈေးကွက် ဝယ်လိုအားတက်

Last Updated:

လက်ရှိကာလတွင် အာလူးဈေးကွက်၌ဝယ်လိုအားပြန်လည်‌ ကောင်းမွန်လာပြီး ယခင်နှစ်များက ယခုလတွင်ရရှိသည့် ဈေးတန်းအနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း  နောင်တရားအာလူးအသင်းမှ သိရသည်။ ယခုနှစ် ဧပြီလပိုင်း၌ အပူရှိန်မြင့်သည့်အတွက် အာလူးများစျေးကွက်အတွင်း ရောင်းပန်းမလှခဲ့သော်လည်း  လက်ရှိကာလ၌ ဈေးကွက်ကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေမှုများကြောင့် ပုံမှန်ဈေးတန်းသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

"ဈေးကျခဲ့ရတဲ့ အကြောင်းရင်းအနေနဲ့ကလည်း ကွာလတီကျပြီး ဈေးကွက်ထဲဝင်လာလို့ပါ။ စုပြုံပြီးတူးတယ်၊ နေ့ခင်းကြီးတူးပြီး ချက်ချင်းမကောက်ပဲလှမ်းထားတော့ အာလူးနာတာလည်းပါတာပေါ့။ အခုကတော့ အဲဒီကာလကျော်သွားပြီး ပုံမှန်ထဲကို ပြန်ရောက်သွားပြီ။ အမှန်က‌တော့ အာလူး‌ဈေးကျတာမဟုတ်ဘူး။ ကွာလတီကျတော့ ဈေးပျက်သွားတာပေါ့"ဟု နောင်တရား အာလူးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ အာလူးဝယ်လိုအားအနေဖြင့် ‌ပြန်လည်ကောင်းမွန်လာကာ အောင်ပန်းဈေးကွက်၌ တစ်ရက်လျှင် ပုံမှန်တန်ချိန် ၃၀၀၊ ၄၀၀ လောက်ကုန်ပြီး အခြား‌တင်ပို့မှုအရ တန်ချိန် ၄၀၀၊ ၅၀၀ ခန့်ရှိကြောင်းနှင့် ယခင်နှစ်ဈေးကွက်အနေအထားအရ ဇွန်၊ ဇူလိုင်လ၊ ဩဂုတ်လပိုင်းတွင် အထွက်နည်းသွား၍ ဈေးပိုမိုရရှိလာကြောင်း သိရသည်။ ယခုပြန်လည်ရရှိသည့် ပေါက်ဈေးအနေအထားအရ တောင်သူများအနေဖြင့်လည်း အလားအလာကောင်းသည့် ဈေးကွက်တစ်ခုရောက်ရှိလာပြီဟု သုံးသပ်ရကြောင်းလည်း ၄င်းကဆိုသည်။

Source: https//t.me/popularjournal

Category: Local News