Local News

ဝါဈေးကွက်ရရှိရေးအတွက် တင်ဒါစနစ်ဖြင့် ဝယ်ယူပေးမည်

Last Updated:

 ပြည်တွင်း လက်ကျန်ဝါများကို ဈေးကွက်ရရှိရေးအတွက် အဆင့်သတ်မှတ်ချက်များအတိုင်း တင်ဒါစနစ်ဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။ ထိုသို့ ဝယ်ယူရာတွင် အေအဆင့် ပိဿာချိန် ၂၉ သိန်းနှင့်  စီအဆင့် ပိဿာချိန် တစ်သိန်းအား စက်မှုဝန်ကြီးဌာန အမှတ် (၃) စက်မှုလုပ်ငန်းလက်အောက်ရှိ  ဝါကြိတ်စက်ရုံများတွင် အသုံး ပြုရန်အတွက် ဝယ်ယူမည်ဖြစ် သည်။

ထို့ပြင် လာမည့်မိုးဦးဝါ စိုက်ပျိုးရေးအတွက် အထွက်နှုန်းတိုးစေရန် ထွက်ရှိသည့် ဝါပိဿာ ချိန်ပေါ်မူတည်ပြီး  နေရာဒေသအလိုက် ဝါကြိတ်စက်များ ထားရှိရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း တာဝန်ရှိသူများက ပြောသည်။ "ဝါကြိတ်စက်တွေ လုံလောက်မှုရှိပါတယ်။ အဓိက ဝါဈေးကွက် မကောင်းချိန် အရန်ဝါဝယ်ပေးတာတွေ၊ ပြည်ပ ဝါစပ်မျိုးကို လွယ်ကူလျင်မြန်စွာ တင်သွင်းခွင့်ရရှိ အောင် ဆောင်ရွက်ပေးသင့်ပါ တယ်။ နယ်စပ်လမ်းကြောင်းများ ခက်ခဲနေချိန်မှာ ရေလမ်းကြောင်းကနေ တင်ပို့နိုင်ရေး အဆင်ပြေအောင်ဆောင်ရွက်ပေးသင့်တယ်" ဟု ဝါလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လက်ရှိတွင် ဝါစိုက်ပျိုးရေးအတွက် သွင်းအားစုများ အသုံးပြုရန် တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိသည်။ ၂၀၂၇-၂၈ ဘဏ္ဍာနှစ်တွင် ဝါစိုက်ဧက ခုနစ်သိန်း ကျော် စိုက်ပျိုးထုတ်လုပ်နိုင်ရေး  ဇုန်အလိုက် တာဝန်ပေးအပ်သွား မည်ဖြစ်သည်။ ပြည်တွင်း၌ ဝါကို မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတို့ရှိ မြို့နယ်များတွင် အများဆုံးစိုက်ပျိုးပြီး ဝါကို အရေးကြီးကုန်အဖြစ် သတ်မှတ်ထားသည်။

ဝါသီးနှံနှင့် ဝါဂွမ်းတို့ကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း (သို့)ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများကို ပြီးခဲ့တဲ့နှစ်က တားမြစ်ထားသည်။ ပြည်တွင်း၌ ဝါဈေးကွက်မှာ နိုဝင်ဘာလမှ ဇန်နဝါရီလတွင် စတင်ထွက်ပေါ်ကာ ဧပြီလလယ်ထိ ထွက်ပေါ်လေ့ရှိပြီး  တောင်သူအများစုက ဝါကို မိုးနှမ်းနှင့်အတူ မေလနှင့်ဇွန်လတွင် တွဲဖက်စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News