Local News

မက်မန်းစိုက်ပျိုးဝင်ငွေတိုး

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်သည် အေးမြသောရာသီဥတုရှိပြီး မြို့နေတောင်သူအများစုမှာ ရာသီပေါ်သီးနှံအပြင် နှစ်ရှည်သီးနှံများကိုပါ စိုက်ပျိုးအသက်မွေးဝမ်းကြောင်း ပြုလျက် ရှိပါသည်။ ၎င်းသီးနှံများအနက်မှ မက်မန်းစိုက်ပျိုးမှုကို ပြင်ဦးလွင်မြို့နယ်တွင် (၉၅၃)ဧက စိုက်ပျိုး ထားကြောင်းသိရှိရသည်။ မက်မန်းစိုက်ပျိုးသော ကျေးရွာများမှာ အင်းထိပ်၊ ဆင်ဖြူအင်း၊ ပန်းဦးတောင်၊ ညောင်ကုန်း၊ ကုန်းကော်၊ မျှော့တောတို့တွင် အများဆုံးစိုက်ပျိုးပြီး အခြားကျေးရွာများတွင်လည်း စိုက်ပျိုးလျက်ရှိပါသည်။ မက်မန်းကို ဇူလိုင်၊ ဩဂုတ်လများတွင် စိုက်ပျိုးပြီး မေ၊ ဇွန်လများတွင် အသီးခူးဆွတ်ကြပါသည်။ မက်မန်းပင်သည် ပင်လယ် ရေမျက်နှာပြင်အထက် ပေ(၃၅၀၀)ကျော်ရှိပြီး အေးမြစိုစွတ်သော ရာသီဥတုတွင် စိုက်ပျိုးနိုင်သော အပင်မျိုးဖြစ်ပါသည်။ မက်မန်းပင်ကို ပင်ခြား၊ တန်းခြား ( ၁၅ x ၁၅ )ပေ စိုက်ပျိုးပြီး တစ်ဧကလျှင် အပင် (၁၉၃)ပင် စိုက်ပျိုးနိုင်ပါသည်။ မက်မန်းပင်သက်တမ်း (၂)နှစ်ကျော်လျှင် အသီးစတင် ခူးဆွတ်နိုင်ပါသည်။ မက်မန်းပင်၏ အဓိကလိုအပ်သော သွင်းအားစုမှာ ယူရီးယား၊ တီစူပါ၊ ပိုတက်မြေဩဇာတို့ဖြစ်ပြီး တစ်ဧက ကုန်ကျစရိတ်အနေဖြင့် လုပ်သားခ၊ သွင်းအားစုအပါအဝင် သိန်း(၃၀)အထိကုန်ကျကြောင်း သိရှိရသည်။ အရွယ်ရောက်ပြီး အသီးခူးဆွတ်နိုင်သော အပင်တစ်ပင်အထွက်နှုန်းမှာ (၀.၅၀)တင်းမှ (၁.၅၀)အထိထွက်ရှိပါသည်။ တစ်ဧကလျှင် ပျမ်းမျှ တင်း(၂၄၀)တင်းအထိထွက်ရှိပါသည်။ မက်မန်း ကိုသီးစားမျိုးနှင့်ဆားရည်စိမ်မျိုးဟူ၍ ခွဲခြားထားပြီး သီးစားမျိုးတွင် အညိုရောင်ရှိပြီး ဆားရည်စိမ် မျိုးတွင် အညို၊ အဝါ၊အနီဟူ၍ ခွဲခြားထားပါသည်။ ဆားရည်စိမ်မျိုးမှ မက်မန်းဝိုင်၊ မက်မန်းတော်ဖီ၊ မက်မန်းအချဉ်ပေါင်းတို့ ပြုလုပ်ပါသည်။ ယခုလက်ရှိ မက်မန်းဆားရည်စိမ် တစ်ပြည်လျှင်(၇၀၀၀-၈၀၀၀)ကျပ် ရောင်းချပြီး မက်မန်းဝိုင် (75Ml) ၁လုံးလျှင်(၁၅၀၀၀)ကျပ်၊ မက်မန်းဝိုင် (50Ml) ၁လုံး လျှင်(၁၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ယခုထွက်ရှိသော မက်မန်းကို ပြင်ဦးလွင်နှင့် ပြည်တွင်းနေရာအနှံ့အပြား တင်ပို့လျက်ရှိပါသည်။

Source: https://www.doca.gov.mm

Category: Local News