သရက်သီးကို မန္တလေးတိုင်းဒေသကြီးတွင် စိန်တလုံး၊ ရွှေဟင်္သာနှင့် ရင်ကွဲစသည့် သရက်သီးမျိုးကွဲများကို စီးပွားဖြစ်စိုက်ပျိုးပြီး အခြားဒေသများတွင်လည်း မျိုးကွဲအနည်းငယ်ကို ကိုယ်တိုင်စားသုံးရန်အတွက် အိမ်ခြံဝင်းများတွင် စိုက်ပျိုးကြရာအနက် ကျောက်ဆည်ခရိုင်တွင် စိုက်ပျိုးမှုအများဆုံးဖြစ်ပြီး ပြင်ဦးလွင်ခရိုင်မှာ ဒုတိယအများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကျောက်ဆည်ခရိုင် ဟံမြင်မိုရ်နှင့် ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်မှထွက်ရှိသည့် အရည်အသွေးအကောင်းဆုံး စိန်တလုံးသရက်သီးများသည် ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက်သို့ ထိုးဖောက်၍ ဈေးကွက် နေရာရရှိထား ပြီးဖြစ်ပါသည်။ ယခုနှစ်သရက်သီးရာသီမှာ သရက်အိတ်စွပ်ဈေးမြင့်တက်လာခြင်း၊ သွင်းအားစုများဈေးမြင့် တက်လာခြင်းကြောင့် သဘာဝအတိုင်းထွက်ရှိမည့် သရက်သီးကိုသာ ခူးဆွတ်မည်ဖြစ်သည့်အတွက် အထွက်နှုန်းနည်းနိုင်ကြောင်းသိရသည်။ စိန်တလုံးသရက်သီးကို ဧပြီလမှစတင်၍ မေလနှင့် ဇွန်လ အထိထွက်ရှိပါသည်။ ရောင်းဝယ်မှုအနေဖြင့် ပွဲစားများကခြံအထိလာရောက်ဝယ်ယူပြီး မန္တလေးနှင့် ရန်ကုန်ပွဲရုံ များသို့တင်ပို့မှုရှိကြောင်း၊ အချို့ခြံရှင်များက ကိုယ်တိုင်မန္တလေးပွဲရုံများသို့ တင်ပို့ရောင်းချမှုရှိ ကြောင်းသိရသည်။
သရက်သီးဈေးနှုန်းအနေဖြင့် လတ်တလောမှာ အရည်အသွေးအလိုက် တစ်လုံးလျှင် အနိမ့် ဆုံးဈေး ကျပ် ၃၅၀ မှ ၄၀၀၊ အမြင့်ဆုံးဈေး ကျပ် ၁၀၀၀ မှ ၁၅၀၀ ကျပ်ခန့်ရှိကြောင်း၊ သရက်သီး ကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် သရက်ပြင်၊ သရက်သီးဆားစိမ်(ဆီစိမ်)၊ သရက်သီးအနှစ်၊ သရက်သီးခြောက်၊ သရက်ယိုနှင့်သရက်သီးအချဉ်ပေါင်းတို့ကို ထုတ်လုပ်ရောင်းချနေသည့် MSME လုပ်ငန်းရှင်များလည်းရှိကြောင်း သိရှိရပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး
စိန်တလုံးသရက်သီးများ ဈေးကောင်းရနေ
Category:
Local News