ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သော ၂ နှစ် ဆက်တိုက်ကာလ၌ ပြည်ပမှ ဆန်များတင်သွင်းခဲ့ရခြင်း မရှိသကဲ့သို့ ယခုနှစ်တွင်လည်း ဆန်တင်သွင်းရန် လိုအပ်ချက်မရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ် အနေဖြင့် အနာဂတ်ကာလ၌ ဆန်တင်သွင်းမှုအစား ဆန်တင်ပို့ခြင်းကို လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်းဖြင့် ၇-၇-၂၀၂၄ နေ့၊ Naogaon ခရိုင်တွင် ကျင်းပသော စိုက်ပျိုးရေးနည်းပညာပြပွဲ-၂၀၂၄ ၏ ဖွင့်ပွဲအခမ်းအနား၌ ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာရေးရာဝန်ကြီး Sadhan Chandra Majumder က ပြောကြားခဲ့သည်။
အစိုးရ၏ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဆွဲဆောင်မှုအစီအမံများကို အဆင့်လိုက် ချိန်ကိုက်လုပ်ဆောင်မှုအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်သည် လယ်သမားများဘက်၌ ရပ်တည်ပြီး သက်သာခွင့်များ၊ အထောက်အပံ့များကို ပေးအပ်လျက်ရှိကြောင်း၊ ထို့အပြင် ခေတ်မီနည်းပညာရပ်များနှင့် လိုက်လျောညီထွေရှိမည့် စိုက်ပျိုးရေးစနစ်သို့ ပြောင်းလဲဖော်ဆောင်မှုကိုလည်း မဆုတ်မနစ် ကြိုးပမ်းအားထုတ် လုပ်ကိုင်လျက်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် နည်းပညာရပ်များ အသုံးချမှုမှာ တိုးတက်ကောင်းမွန်လျက်ရှိသဖြင့် ကုန်ထုတ်လုပ်မှုမှာလည်း မြင့်တက်လာခဲ့ကြောင်းဖြင့် Mr. Sadhan က ပြောဆိုခဲ့သည်။
အဆိုပါအခမ်းအနားတွင် Naogaon ခရိုင်အတွင်း မိုးစပါး (Aman paddy) စိုက်ပျိုးသည့် တောင်သူလယ်သမား ၁၂၁၀ ဦးထံသို့ အစိုးရ၏ဆွဲဆောင်မှု အထောက်အပံ့များ ပေးအပ်မှုနှင့်အတူ လူနည်းစု တိုင်းရင်းသားများ၏ ပညာသင်ကြားလျက်ရှိသော သားသမီးများအတွက် ပညာသင်ထောက်ပံ့ကြေး ချက်လက်မှတ်များနှင့် စက်ဘီးများကို စားနပ်ရိက္ခာရေးရာဝန်ကြီး Mr. Sadhan က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Source: BSS News, 7 Jul 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
Source: https://www.doca.gov.mm