International News

ဖိလစ်ပိုင်သို့ ဆန်တန်ချိန် ၁၃၀၀၀၀ တင်ပို့ရန် နားလည်မှုစာချွန်လွှာများအား ထိုင်းကုန်သည်များ လက်မှတ်ရေးထိုး

Last Updated:

ထိုင်းနိုင်ငံ ပြည်ပကုန်သွယ်ရေးဦးစီးဌာနက ဦးဆောင်လျက် ထိုင်းဆန်တင်ပို့သူများ ပါဝင်သောကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်သော ခရီးစဉ်အတွင်း တန်ဖိုးအားဖြင့် ဘတ်ငွေ ၂.၈ ဘီလီယံရှိမည့် ဆန်တန်ချိန် စုစုပေါင်း ၁၃၀၀၀၀ ကို တင်ပို့ရန်အတွက် နားလည်မှုစာချွန်လွှာ ၉ စောင်ကို ဖိလစ်ပိုင်ရှိ ဆန်တင် သွင်းသူ လုပ်ငန်းရှင်များနှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရှိရသည်။

ထိုင်းပြည်ပကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် မနီလာမြို့ရှိ ထိုင်းကူးသန်းရောင်းဝယ်ရေးရုံးနှင့် ပူးပေါင်းလျက် ထိုင်းဆန်အရောင်းမြှင့်တင်ရေးပြပွဲတစ်ရပ်ကိုလည်း ကျင်းပခဲ့ကြောင်း၊ ၎င်းပြပွဲ သို့ သွင်းကုန်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ လက်လီရောင်းချသူများ၊ ဆန်စပါးလုပ်ငန်းနယ်ပယ်၌ အဓိကလုပ်ကိုင်နေသူများ၊ အစိုးရဌာနများမှ ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာများအပါအဝင် လူဦးရေ ၇၀ ကျော် တက်ရောက်ခဲ့ကြကြောင်း၊ ၎င်းပြပွဲအား ထိုင်းစားသောက်ကုန် အသိအမှတ်ပြု ပရီမီယံအဆင့်အတန်းရှိသည့်ထိုင်းဆန် (Premium Thai Rice with Authentic Thai Food) ဟူသော သဘောထားအမြင်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ထိုင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ Thai Select အသိအမှတ်ပြုလက်မှတ် ရရှိထားသော Mango Tree Manila စားသောက်ဆိုင်တွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းအစိုးရ၏ နိုင်ငံတကာ ၌ ထိုင်းဆန်များ စားသုံးမှုမြှင့်တင်ရေးနှင့် ထိုင်းအစားအစာများ ဈေးကွက်မြှင့်တင်ရေး မူဝါဒကို တစ်စိတ်တစ်ဒေသဖော်ဆောင်ခြင်းလည်းဖြစ်ကြောင်း The Nation Thailand သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါပြပွဲတွင် ထိုင်းဟင်းလျာ ၃ မျိုးနှင့် ထိုင်းစံပယ်ဆန်မွှေး (Jasmine Rice) နှင့် ထိုင်း ငချိတ်ဆန် (Riceberry Rice) တို့အား ချက်ပြုတ်သရုပ်ပြသလျက် တည်ခင်းဧည့်ခံခဲ့ရာ ထိုင်းဆန် အမျိုးအစားများနှင့် အရည်အသွေးသည် ဖိလစ်ပိုင်စားသုံးသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှုရှိသည်ဟု တက်ရောက်လာသူများ၏ တုံ့ပြန်မှတ်ချက်ပြုခြင်းကို ခံရကြောင်း ထိုင်းပြည်ပ ကုန်သွယ်ရေးဦးစီးဌာနမှ ဖော်ပြချက်အရ သိရှိရသည်။

ထိုင်းနိုင်ငံမှ ဌာနဆိုင်ရာအရာရှိများသည် ဖိလစ်ပိုင်စားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ (NFA) မှ တာဝန်ရှိသူများနှင့်လည်းတွေ့ဆုံခဲ့ပြီး ဖိလစ်ပိုင်အစိုးရ၏ ဆန်သွင်းကုန်အပေါ် အခွန် ၃၅ ရာခိုင် နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချမည့် မူဝါဒ အပါအဝင် ဆန်ဈေးကွက် သတင်းအချက်အလက်များ မျှဝေဖလှယ်မှုကို လုပ်ဆောင်ခဲ့ကြောင်း၊ သွင်းကုန်အခွန် စည်းကြပ်မှုအား ၄ လ ၁ ကြိမ် ပြန်လည် သုံးသပ်ခြင်းနှင့်အတူ အဆိုပါ အကောက်ခွန်နှုန်းလျှော့ချသည့် အစီအစဉ်ကို ယခုနှစ် ဇူလိုင်လ လလယ်ပိုင်းမှ စတင်၍ ၂၀၂၈ ခုနှစ်အထိ ဖော်ဆောင်လိမ့်မည်ဟု မျှော်လင့်ရကြောင်းဖြင့် ထိုင်း ပြည်ပကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Ronnarong Phoolpipat က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်လွှတ်တော်၌ တင်သွင်းအဆိုပြုထားသည့် အရေးပေါ်အခြေအနေတွင် ဖိလစ်ပိုင် စားနပ်ရိက္ခာအာဏာပိုင်အဖွဲ့အား ဆန်တင်သွင်းမှု လုပ်ကိုင်ခွင့်ပြုမည့် ဥပဒေတစ်ရပ်အား ပြင်ဆင် ပြဋ္ဌာန်းနိုင်မည့် အလားအလာနှင့်စပ်လျဉ်း၍လည်း ထိုင်းကိုယ်စားလှယ်အဖွဲ့က မေးမြန်းဆွေးနွေး ခဲ့ပြီး ထိုင်းနိုင်ငံအနေဖြင့် ဖိလစ်ပိုင်၏ စားနပ်ရိက္ခာဖူလုံရေးအတွက် ဆန်ထောက်ပံ့ပေးသွင်းရန် အသင့်ရှိနေသည်ကို အာမခံပြောကြားခဲ့ကြောင်း သိရှိရသည်။

ညွှန်ကြားရေးမှူးချုပ် Ronnarong က ထိုင်းကိုယ်စားလှယ်အဖွဲ့၏ ဖိလစ်ပိုင်ခရီးစဉ်သည် အောင်မြင်မှု မြင့်မားစွာရရှိခဲ့ကြောင်း၊ ထိုင်းဆန်၏ အရည်အသွေးနှင့် အရသာကောင်းမွန်မှု ဂုဏ် သတင်းကို ပြသနိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းက ဖိလစ်ပိုင်ဈေးကွက်တွင် ထိုင်းဆန်၏ ဈေးကွက်ဝေစုရရှိမှုကို တိုးတက်စေမည်ဟု မျှော်မှန်းထားကြောင်း ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ဆန်တန်ချိန် ၂၉၉၇၈၇ တန်ကို ဖိလစ်ပိုင်ဈေးကွက်သို့ တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၃၈၁.၆၆ ရာခိုင်နှုန်း တိုးတက်မှု ရရှိခဲ့သည်။ တန်ဖိုးအားဖြင့်မူ အမေရိကန်ဒေါ်လာ ၁၆၇ သန်းရှိပြီး ယခင်နှစ်ကာလတူထက် ၅၅၈.၉၇ ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း ဆန်တန်ချိန် ၄.၁ သန်းခန့် တင်သွင်းရဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဖိလစ်ပိုင် ဈေးကွက်သို့ ထိုင်းဆန်များကို တိုးမြှင့်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai က ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ထားခဲ့ကြောင်း သိရှိရသည်။

Source: The Nation Thailand, 10 Jul 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News