International News

ဗီယက်နမ်နိုင်ငံ၏ လတ်ဆတ်သောကျွဲကောသီးများ တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့ခွင့်လိုင်စင်ရရှိ

Last Updated:

တောင်ကိုရီးယားနိုင်ငံတိရစ္ဆာန်နှင့် အပင်ရောဂါကာကွယ်တားဆီးရေးအေဂျင်စီ (APQA) က ဗီယက်နမ်နိုင်ငံထံမှ လတ်ဆက်သောကျွဲကောသီးများ တရားဝင်တင်သွင်းခွင့်ပြုကြောင်း ကြေညာခဲ့သည်ဟု ဗီယက်နမ်နိုင်ငံစိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနလက်အောက်ရှိ အပင်ကာကွယ်ရေးဦးစီးဌာန(PPD)၏ အဆိုအရသိရပါသည်။ ထို့ကြောင့် ကျွဲကောသီးသည် နဂါးမောက်သီးနှင့် သရက်သီးတို့ပြီးလျှင် တောင်ကိုရီးယားနိုင်ငံသို့ပို့ခွင့်ရသည့် တတိယမြောက်အသီးဖြစ်လာပြီး ဗီယက်နမ်လယ်ယာထွက်ကုန်များ နိုင်ငံတကာဈေးကွက်သို့ဝင်ရောက်ရန်အတွက် ကြီးမားသည့်အခွင့်အလမ်းတစ်ခုနှင့် သိသာထင်ရှားသည့် မှတ်တိုင်တစ်ခုဖြစ်ကြောင်းသိရပါသည်။

PPD သည် ၂၀၁၈ ခုနှစ်တွင် ၎င်းတို့သည် တောင်ကိုရီးယားနိုင်ငံကို ကျွဲကောသီးတင်ပို့ရန်အတွက် ကြေညာမြှင့်တင်မည့် ပရိုဂရမ်ကိုစတင်နေကြောင်းပြောကြားခဲ့ပါသည်။ အပင်ဖျက် ပိုးမွှားအန္တရာယ်ဆန်းစစ်မှုလုပ်ငန်းစဉ်များ လွယ်ကူချောမွေ့စေရေးအတွက် အချက်အလက်ဖလှယ်ခြင်းနှင့် တက်ကြွစွာညှိနှိုင်းခြင်းနှင့် မြောက်များစွာသော ဆွေးနွေးညှိနှိုင်းမှုများပြီးသည့် နောက် PPD နှင့် APQA တို့သည် ၂၀၂၄ ခုနှစ်၊ ဧပြီလတွင်ကျင်းပခဲ့သည့် အစည်းအဝေး၌ လုပ်ထုံးလုပ်နည်းအရ သဘောတူညီမှုရရှိခဲ့ကြောင်းသိရပါသည်။ PPD ၏အဆိုအရ တောင်ကိုရီးယားနိုင်ငံသို့ ကျွဲကောသီးတင်ပို့ရန်အတွက် စံနှုန်းများပြည့်မီရန်အတွက် အပင်စိုက်ပျိုးသည့်ဧရိယာများအနေဖြင့် ဌာနနှင့်အတူ နှစ်စဉ်မှတ်ပုံတင်ရမည်ဟုသိရပါသည်။

APQA က အဆိုပါဧရိယာများ၌ အပင်ဖျက်ပိုးမွှားများအားထိန်းချုပ်ခြင်းနှင့် စောင့်ကြည့်ခြင်းတို့တွင် စီမံခန့်ခွဲမှုနှင့် ကြီးကြပ်ညွှန်ကြားမှုတို့ပြုလုပ်သွားမည်ဟုသိရပါသည်။ တောင်ကိုရီးယားနိုင်ငံသို့တင်ပို့မည့် လတ်ဆတ်သောကျွဲကောသီးများအား ထုပ်ပိုးမည့်အစီအစဉ်ကိုလည်း ဌာနနှင့်အတူ နှစ်စဉ်မှတ်ပုံတင်ရမည်ဖြစ်ပြီး ပုံမှန်သန့်ရှင်းမှုနှင့် စစ်ဆေးမှုပြုလုပ်ရမည်ဟုသိရပါသည်။ နှစ်စဉ် လတ်ဆက်သောကျွဲကောသီးများတင်ပို့မှုမစတင်မီက မှတ်ပုံတင်ထားသည့် ကျွဲကောသီးစိုက်ပျိုးမည့်ဒေသစာရင်း၊ တင်ပို့မည့်ထုပ်ပိုးမှုပုံစံနှင့် အပူငွေ့ပေးသည့်ပုံစံတို့ကို APQA ထံတင်ပြရမည်ဟုသိရပါသည်။

Source : VietnamPlus

Source: https://www.doca.gov.mm

Category: International News