ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ပန်းကဏန်းပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုမွန်က ပြောပြသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ယခုနှစ် ဇန်နဝါရီလအတွင်း ပန်းကဏန်းပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ ပန်းကဏန်းပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ပန်းကဏန်းများကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေကြောင်း သိရသည်။ “ရန်ကုန်ဈေးကွက်ထဲကို တင်ပို့ရောင်းချနေတဲ့ ပန်းကဏန်းတွေက လယ်ကွင်းထဲကဖမ်းယူရရှိတာဖြစ်ပါတယ်။ ပန်းကဏန်းတွေအပါအဝင် ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ပန်းကဏန်းတွေ ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိမှာလဲ ဒီဘက်ကနေတင်ပို့ရောင်းချတဲ့ ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်။ ပန်းကဏန်းတွေဝယ်ယူအားကောင်းလာတော့ ရေလုပ်ငန်းရှင်တွေ အရောင်းအဝယ်လုပ်ငန်းပိုမိုလုပ်ကိုင် လည်ပတ်လာရပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုမွန်က ပြောပြသည်။ မော်လမြိုင်ကျွန်းမြို့နယ် ပန်းကဏန်းများ အပါအဝင် ရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး တင်ပို့ရောင်းချနေသည့်ပန်းကဏန်း ၁၀ ပိဿာလျှင်ငွေကျပ် ၈၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါပန်းကဏန်းများ ဝယ်ယူအားကောင်းလာခြင်းကြောင့် ရေလုပ်သားများ၊ ကုန်သည်များ၊ ကုန်တင်ကားအငှားလိုက်သည့်လုပ်ငန်းရှင်များ အဆင်ပြေလာကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ