မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ဆိပ်ဖြူ၊ ရွာသစ်၊ အနောက်ပိုင်းရပ်ကွက်နှင့် ကိုးတောင့်၊ ချင်တောင်၊ မြင်ကဝ အုပ်စုအတွင်းရှိ ကျေးရွာများ၌ ယခုနှစ်တွင် ကြက်သွန်နီ၊ မြေပဲ၊ နေကြာ ၊ ကုလားပဲ၊ ပဲယင်း၊ ပဲနီကြား၊ ပြောင်းဖူးနှင့် ကုန်စိမ်းသီးနှံများ စိုက်ပျိုးပြီး ဆီထွက်သီးနှံ ဆောင်းမြေပဲ ကို အဓိကထားစိုက်ပျိုးကြပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းတွင် စတင်စိုက်ပျိုးကြောင်း၊ စိုက်ဧက(၁၀၀၀)ခန့် စိုက်ပျိုးပြီး မြေပဲအတောင့်ကြီး လုံဆံဖြူ (၃)လပဲ S1မျိုးကို စိုက်ပျိုးကြောင်း သိရှိရသည်။
ယခုနှစ်တွင်ဆောင်းစိုက်မြေပဲမှာ တစ်ဧကအထွက်နှုန်း မြေပဲတင်း(၅၀-၅၅)တင်းခန့် ထွက်ရှိ ပြီး ကုန်ကျစရိတ်ကျပ်(၁၀)သိန်းခန့် ကုန်ကျကြောင်း၊ သီးနှံပေါ်ချိန် ဒေသပေါက်ဈေး မြေပဲတောင့် အခြောက်တစ်တင်းလျှင် ကျပ်(၃၂၀၀၀-၃၅၀၀၀)၊ မြေပဲလုံးဆံ (ရှယ်) တစ်ပြည်လျှင် ကျပ်(၁၀၀၀၀)၊ လုံးဆံ(ရိုးရိုး) တစ်ပြည်လျှင် ကျပ်(၉၂၀၀-၉၀၀၀)၊ ဆီဆံ တစ်ပြည်လျှင် ကျပ်(၈၅၀၀-၈၆၀၀)ခန့် ပေါက်ဈေးရှိသောကြောင့်ငွေကျပ်(၁၀)သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း၊ ရွာသစ်ရပ်ကွက်ရှိ စိုက် တောင်သူထံမှ သိရှိရပါသည်။
ဈေးကွက်အနေဖြင့် ထွက်ရှိသော မြေပဲများကို ဒေသတွင်း ဆီစက်လုပ်ငန်းရှင်များအပြင် ပဲကြော်၊ မြေပဲဆားလှော် လုပ်ငန်းရှင်များမှ ဝယ်ယူပြီး ချောက်မြို့ အေဝမ်းပွဲရုံသို့လည်း တင်ပို့ ရောင်းချ ကြောင်း၊ ယခုအချိန်တွင် ကျန်းမာရေးနှင့် ညီညွှတ်သော မြေပဲဆီသန့်ကို ဝယ်ယူစားသုံးမှု မြင့်မားလျက် ရှိပြီး မြို့ပေါ်ရှိ ဆီစက်များတွင်တွင်ကျယ်ကျယ် လည်ပတ်လျက်ရှိ၍ မြေပဲအဝယ်လိုက်၍ ဈေးကွက်ကောင်းကြောင်း၊ သီးနှံပေါ်စမှ ကုန်ဆုံးချိန်အထိ မြေပဲဈေးကွက်ခိုင်မာမှုရှိကြောင်း၊ တောင်သူများအနေဖြင့်လည်း ဆီထွက်သီးနှံမြေပဲ စိုက်ပျိုးခြင်းကြောင့် မိသားစုစားသုံးဆီဖူလုံမှု ရရှိသည့်အပြင် အကျိုး အမြတ်ရရှိခြင်းကြောင့် မြေနုကျွန်းစိုက် ဆောင်းသီးနှံမြေပဲကို နှစ်စဉ်မပြတ် တိုးချဲ့စိုက်ပျိုးကြောင်း သိရှိရပါသည်။
Source: https://www.doca.gov.mm