Local News

ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်းက ဓနိ ချပ်ရေ ၅၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်မေလအတွင်းက ဓနိချပ်ရေ ၅၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ငပုတောမြို့နယ်မှ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ယုဝေက ပြောပြ၍ သိရသည်။ ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်ဧပြီလအတွင်းက ဓနိချပ်ရေ ၄၅၀၀၀၀ သာတင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ဓနိချပ်ရေ ၅၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ ငပုတောမြို့နယ်သည် ဓနိထွက်သောဒေသဖြစ်ပြီး ထွက်ရှိလာသည့် ဓနိများကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်သို့တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

“ငပုတောမြို့နယ်က တောင်သူတွေက စပါးအပြင် ဓနိနဲ့အခြားသီးနှံတွေစိုက်ပျိုးပါတယ်။ ဓနိစိုက်ပျိုးရေးလုပ်ငန်းကတော့ ဒေသခံတွေအတွက် စီးပွားရေးလုပ်ငန်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလထဲမှာ ရန်ကုန်ဈေးကွက်ကို ဓနိချပ်ရေ ၅၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ဝယ်လိုအားကောင်းခဲ့တဲ့အတွက် ဒေသခံဓနိစိုက်ပျိုးရေးလုပ်ငန်းရှင်တွေနဲ့ ဓနိထိုးလုပ်သားတွေပါ အဆင်ပြေလာတာတွေ့ရပါတယ်” ဟု ငပုတောမြို့နယ်မှ အိမ်ဆောင်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ယုဝေက ပြောပြသည်။

ငပုတောမြို့နယ်တွင် ထွက်ရှိသောဓနိများမှာ အချပ် ၁၀၀ လျှင် ငွေကျပ် ၁၉၅၀၀ ထိဈေးရှိနေကြောင်း အဆိုပါဓနိချပ်များဝယ်ယူမှုများလာခြင်းကြောင့် ဓနိစိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ ဓနိထိုးလုပ်သားများ၊ ဓနိရောင်းဝယ်ရေးလုပ်ငန်းရှင်များ အဆင်ပြေနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News