Local News

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်၌ ပဲတောင့်ရှည်သီးနှံများ စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိ

Last Updated:

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် စပါး၊ နှမ်း၊ ပဲမျိုးစုံသီးနှံများ စိုက်ပျိုးသည့်အပြင် စားဖိုဆောင်သီးနှံများလည်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း၊ စလင်းမြို့နယ်အတွင်းရှိ ဆင်ချုံးကျေးရွာတွင် ပဲတောင့်ရှည်သီးနှံကို ရှစ်ဧကခန့် စိုက်ပျိုးထား ရှိကြောင်း သိရသည်။ ပဲတောင့်ရှည်သီးနှံကို ဇွန်လတွင် စိုက်ပျိုးပြီး စက်တင်ဘာလတွင် ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် ပဲတောင့်ရှည် ပန်ထွာ-၁၁၁ မျိုးများဖြစ်ပြီး တစ်ဧကလျှင် မျိုးစေ့ထုပ် သုံးထုပ်ခန့်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် မြေအောက်ရေတင်စနစ်ဖြင့် အတန်းလိုက်အစေ့ချ၍ စိုက်ပျိုးပြီး ရက်ပေါင်း ၂၀ အကြာတွင် တိုင်ထောင်ပေးရကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ ဝါးနှင့် လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၁ သိန်းခန့် ကုန်ကျပြီး ပိဿာ ၂၅၀၀-၃၅၀၀ ခန့် ထွက်ရှိကြောင်း ဈေးနှုန်းအနေဖြင့် စက်တင် ဘာလ ဒုတိယပတ်တွင် ပဲတောင့်ရှည် တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၁၀၀၀-၁၃၀၀ ဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၄ သိန်းခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် စလင်းမြို့ပေါ်ရှိ ကုန်စိမ်းပွဲစားများက စိုက်ခင်းသို့ လာရောက်ဝယ်ယူကြပြီး ပွဲစားများမှ တစ်ဆင့် မကွေးမြို့နှင့် မင်းဘူးမြို့တို့သို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် ပဲတောင့်ရှည်သီးနှံဈေးကောင်းမွန်သောကြောင့် တောင်သူများ အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News