International News

အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီအား လွတ်လပ်စွာ တင်ပို့ခွင့်ပြု

Last Updated:

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဌာနအောက်ရှိ နိုင်ငံခြား ကုန်သွယ်ရေးအထွေထွေညွှန်ကြားမှုဦးစီးဌာနက ၂၀၂၄ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် အမိန့်ကြေညာစာအမှတ် ၁၀/၂၀၂၄-၂၅ ဖြင့် ထုတ်ပြန်ကြေညာထားသော  ကြက်သွန်နီ တင်ပို့မှုအတွက် အနိမ့်ဆုံးပို့ကုန်တန်ဖိုး တစ်တန်ဈေးနှုန်း အမေရိကန်ဒေါ်လာ ၅၅၀ အား ဖယ်ရှားခဲ့ပြီး လွတ်လပ်စွာ တင်ပို့ခွင့်ပြုခဲ့သည်ဟု  ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် အမိန်ကြေညာစာအမှတ် ၂၈/၂၀၂၄-၂၅ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

အထက်ပါ ကြက်သွန်နီတင်ပို့ရာတွင် ၁ တန်အနိမ့်ဆုံး ပို့ကုန်တန်ဖိုးသတ်မှတ်ချက်အား ဖယ်ရှားခြင်း ကြေညာချက်သည် ချက်ချင်းအကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်းလည်း ယင်းကြေညာချက်တွင် ဖော်ပြ ထားသည်။

အိန္ဒိယအစိုးရသည် ယခင်နှစ်က ရာသီဥတုဖောက်ပြန်မှုများကြောင့် ပြည်တွင်းစားသုံးမှု ဖူလုံရေးအတွက် ကြက်သွန်နီတင်ပို့မှုတွင် အနိမ့်ဆုံးပို့ကုန်တန်ဖိုး ဈေးနှုန်းများသတ်မှတ်ခြင်း၊ အကောက်ခွန်နှုန်းထားကိုလည်း ၄၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ကောက်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ယင်းကြောင့် ကမ္ဘာ့ကြက်သွန်နီ ဈေးကွက်အပေါ် သက်ရောက်မှုများရှိခဲ့သည်ကို တွေ့ရှိရသည်။ သို့ရာတွင် ယခုနှစ်၌ ကြက်သွန်နီအသစ်များ ရိတ်သိမ်းခါနီးအချိန်တွင် အထွက်နှုန်းတိုးနိုင်မည့်အလားအလာများရှိခြင်း၊  တောင်သူလယ်သမား အကျိုး စီးပွားနှင့် ပြည်ပတင်ပို့မှုမြှင့်တင်နိုင်ရန်အတွက် အချိန်ကိုက် မူဝါဒများ ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်းနှင့် ယင်းသည် ကမ္ဘာ့ကြက်သွန်နီဈေးကွက်အပေါ်တွင်လည်း သက်ရောက်မှုများရှိလာနိုင်ကြောင်း သိရှိရသည်။

Source: မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့

Category: International News