မန္တလေး ပဲ၊ နှမ်းဈေးကွက်တွင် ပဲတီစိမ်းနှင့် ပဲကြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း ပွဲစားကုန်သည်စက်ပိုင် များမဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။ ပဲ၊ ပြောင်း၊ နှမ်းစသည့် ကုန်စည်များထဲတွင် ယခင်က ပဲတီစိမ်းနှင့် ပဲကြီးမှာ ပြည်တွင်းဈေးကွက်အတွင်းမှ ဝယ်ယူမှုနည်း ခြင်းကြောင့် အရောင်းအဝယ်အေးနေခဲ့ကြောင်း၊ ယခုလက်ရှိတွင် ပဲတီစိမ်းနှင့် ပဲကြီးကို ကုန်သည်များဝယ်ယူမှုများပြားလာပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ “အခု မန္တလေးဈေးကွက်ထဲမှာ ပဲတီစိမ်းနဲ့ ပဲကြီး အမျိုးအစားတွေ အဝယ်တော်တော်လေးပြန်လိုက်လာတယ်။ ဈေးကွက်ထဲ မှာတော့ တခြား ပဲ၊ ပြောင်း၊ နှမ်း စတဲ့ ကုန်စည်တွေလဲ ပုံမှန်အတိုင်းအရောင်းအဝယ် ဖြစ်နေပါတယ်” ဟု ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြသည်။ မန္တလေး ပဲ၊ ပြောင်း၊ နှမ်း ဈေးကွက်အတွင်း ယနေ့ပေါက်ဈေးအရ ပဲတီစိမ်း သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀ ပေါက်ဈေးရှိကြောင်း၊ အလားတူ ယနေ့ပေါက်ဈေးအရ ပဲကြီး သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။ “ကုလားပဲနဲ့ နှမ်းတွေကလဲ ဈေးကွက်ထဲမှာ ပုံမှန်အတိုင်း အရောင်းအဝယ် ဖြစ်နေတယ်။ ပြည်တွင်းဈေးကွက်အပြင် ပြည်ပနိုင်ငံတွေကလဲ ကုလားပဲနဲ့ နှမ်းဝယ်ယူမှုတွေ ရှိပါတယ်။ တခြားနိုင်လွန်ပဲတို့၊ ပဲစင်းငုံတို့ကလဲ ပုံမှန်အတိုင်းပဲ အရောင်းအဝယ်ဖြစ်နေတယ်” ဟု ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြသည်။ ယခု ပဲ၊ ပြောင်း၊ နှမ်းဈေးကွက်အတွင်း ယနေ့ပေါက်ဈေးအရ နှမ်းနက်(စမုန်)သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၆၆၅၀၀၀၊ နှမ်းညို သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ နှမ်းဖြူသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၄၀၅၀၀၀ ထိ ပေါက်ဈေး ရှိကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ