ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ပဲတီစိမ်း ၁၆ ပြည်ဝင်အိတ်ရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဟင်္သာတမြို့နယ် ပဲအမျိုးမျိုးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးမြတ်က ပြောပြသည်။ ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ပဲတီစိမ်း ၁၆ ပြည်ဝင် အိတ်ရေ ၄၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်ထိ ပဲတီစိမ်း ၁၆ ပြည်ဝင် အိတ်ရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ဟင်္သာတမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ထဲကို နိုဝင်ဘာလထဲမှာ ပဲတီစိမ်း ၁၆ ပြည်ဝင်အိတ်ရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိ ဒီဇင်ဘာလထဲမှာလဲ ဒေသထွက် ပဲတီစိမ်းတွေအပါအဝင် ပဲအစုံကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်။ ဒေသထွက်ပဲတွေ၊ စပါးတွေကို ဒီဘက်က ကုန်သည်၊ ပွဲရုံလုပ်ငန်းရှင်တွေက ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချတာများပါတယ်။ ပဲတီစိမ်းတွေ ဝယ်ယူမှုကောင်းလာတာကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ကောင်းလာပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ပဲတွေက အဟောင်းတွေပါ” ဟု ဟင်္သာတမြို့နယ် ပဲအမျိုးမျိုးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးမြတ်က ပြောပြသည်။ ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ပဲတီစိမ်း ၁၆ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၁၂၀၀၀ ထိ ပေါက်ဈေးရှိကြောင်း ဟင်္သာတမြို့နယ် ပဲအမျိုးမျိုးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးမြတ်က ပြောပြ၍ သိရှိရသည်။
Source: ရတနာပုံ သတင်းစာ