ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း လယ်ငါးခူပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝေဝေမြင့်က ပြောပြ၍ သိရသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်းက လယ်ငါးခူပိဿာချိန် ၄၆၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ လယ်ငါးခူပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ ကြောင်း၊ အဆိုပါ လယ်ငါးခူများ ပိုမိုတင်ပို့လာရသည့်အတွက် ရေလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ “လယ်ငါးခူတင်ပို့အားကောင်းတော့ အဓိကအဆင်ပြေနေတာကတော့ ရေလုပ်သားတွေပါ။ ပြီးခဲ့တဲ့တစ်လအတွင်း ငါးခူပိဿာချိန်တော်တော်များများ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဘက်ကနေ ဝယ်ယူမှုအပေါ်မူတည်ပြီး တင်ပို့ရောင်းချနေပါတယ်။ လက်ရှိအချိန်က ဒေသမှာ လယ်ငါးခူတွေထွက်ရှိနေတဲ့အချိန်ပါ။ ဒီလယ်ငါးခူက ပြည်တွင်းမှာကို စားသုံးမှုများတဲ့ ငါးဖြစ်ပါတယ်။ အရောင်းအဝယ်တွေကောင်းပေမဲ့ ဈေးကတော့ ပုံမှန်အခြေအနေမှာပဲ ရှိနေပါတယ်။ ကျိုက်လတ်မြို့နယ်ဘက်က ရေထွက်ကုန်မှန်သမျှကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ဘက်ကို့ စနစ်တကျသန့်စင်ပြီး တင်ပို့တာပါ” ဟု ကျိုက်လတ်မြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝေဝေမြင့်က ပြောပြသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချသည့် လယ်ငါးခူပိဿာချိန် ၁၀ လျှင် ငွေကျပ် ၁၅၅၀၀၀ မှ ၁၈၅၀၀၀ ထိ ပေါက်ဈေးရှိခဲ့ကြောင်း၊ အဆိုပါ လယ်ငါးခူများကို စနစ်တကျထုပ်ပိုးပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ လယ်ငါးခူများ ဝယ်ယူအားကောင်းလာသည့်အတွက် ရေချိုငါးခူမွေးမြူသူများ၊ ကုန်သည်များ၊ ရေချိုငါးခူရှာဖွေသူလုပ်သားများ၊ ကုန်တင်ယာဉ် အငှားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ