Local News

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း အုန်းသီးအလုံးရေ ၇၆၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း အုန်းသီးအလုံးရေ ၇၆၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ် အုန်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်လှလှဌေးက ပြောပြ၍ သိရသည်။ ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက အုန်းသီးအလုံးရေ ၅၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ အုန်းသီးအလုံးရေ ၇၆၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါ တင်ပို့ရောင်းချခဲ့သည့် အုန်းသီးအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၈၉၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “ဓနုဖြူမြို့နယ်ကနေ လယ်ယာထွက်ကုန်တွေကော၊ ခြံထွက်သီးနှံတွေပါ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း အုန်းသီးအလုံးရေ ၇၆၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိမှာလဲ ရန်ကုနဈေးကွက်ကနေ ဒေသထွက်ကုန်အုန်းသီးတွေ ဝယ်လိုအားကောင်းနေ ပါတယ်။ ပြည်တွင်းမှာကို အုန်းသီးတွေ အဝယ်လိုက်နေပါတယ်” ဟု သိရသည်။ ဓနုဖြူမြို့နယ်မှ ထွက်ရှိသည့် အုန်းသီးများကို အုန်းသီးခြောက်၊ အုန်းသီးစိမ်း၊ အုန်းသီးနု စသည်တို့ကို ကုန်တင်ကား၊ ကုန်တင်ရေယာဉ်များဖြင့် တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါ ဒေသထွက်အုန်းသီးများ ဝယ်လိုအားကောင်းလာခြင်းကြောင့် အုန်းစိုက်ပျိုးရေးတောင်သူများ၊ ကုန်တင်၊ ကုန်ချလုပ်သားများ၊ ပွဲရုံလုပ်ငန်းရှင်များ ကုန်တင်ကားအငှားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News