ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ကွမ်းသီးစိမ်းအလုံးရေ ၈၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ် ကွမ်းသီးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်အေးသင်းက ပြောပြ၍ သိရသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ကွမ်းသီးစိမ်းအလုံးရေ ၅၈၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှ ၃၁ ရက်နေ့ထိ ကွမ်းသီးစိမ်းအလုံးရေ ၈၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ကွမ်းသီးစိမ်းအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၁၃၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “ပြည်ပဈေးကွက်က အမှာကုန်များလာလို့ ရန်ကုန်ဈေးကွက်သို့ ပို့ကုန်အများအပြား တင်ပို့နေရခြင်းဖြစ်ပါတယ်။ တင်ပို့တဲ့ ကွမ်းသီးကတော့ အရည်အသွေးကောင်းဖို့ လိုအပ်အလို သန့်ရှင်းဖို့လဲလိုပါတယ်။ လက်ရှိကွမ်းသီးစိမ်းတွေ အများအပြားတင်ပို့ ရောင်းချမှုကောင်းလာတော့ ကွမ်းသီးစိုက်ပျိုး ရေးလုပ်ငန်းကို လုပ်ကိုင်သူတွေအဆင်ပြေနေပါတယ်” ဟု ကျိုက်လတ်မြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးသက်က ပြောပြသည်။ ကျိုက်လတ်မြို့နယ်က ထွက်ရှိသည့် ကွမ်းသီးစိမ်းများကို ကုန်သည်များက ကွမ်းသီးခြံများ အရောက်သွားရောက်ဝယ်ယူပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ရန်ကုန်မြို့မှ တစ်ဆင့် အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
Source: ရတနာပုံသတင်းစာ