Local News

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ရေဘဝဲ ပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ရေဘဝဲပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ‌ရေထွက်ကုန်ပစ္စည်းများ‌ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဆွေဦးက ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်းက ရေဘဝဲပိဿာချိန် ၅၄၀၀၀ ထိသာတင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ရေဘဝဲပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါဒေသမှ ရေဘဝဲများကို ရန်ကုန်ဈေးကွက်ကအဝယ်လိုက်နေကြောင်း သိရသည်။

“ဒေသထွက် ရေထွက်ကုန်တွေ ရန်ကုန်ဈေးကွက်ကို အဆင်ပြေပြေတင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ရေဘဝဲပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့ရောင်းချရပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ရေဘဝဲတွေရဲ့ လတ်ဆတ်မှုနဲ့ အရွယ်အစား၊ အလေးချိန်အပေါ်မူတည်ပြီး ဈေးအပြောင်းအလဲရှိပါတယ်။ လက်ရှိ ဇူလိုင်လထဲမှာလဲ ရေဘဝဲတွေ အဝယ်လိုက်နေပါတယ်။ ဖျာပုံကနေတင်ပို့တဲ့ရေဘဝဲတွေကို ဒေသဈေးကွက်က ဒေသတွင်းအပြင် အခြားဒေသတွေကိုလဲ ပြန်လည်တင်ပို့ရောင်းချနေတယ်လို သိရပါတယ်” ဟု ဖျာပုံမြို့နယ်‌ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဆွေဦးက ပြောပြသည်။

ဖျာပုံမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ရေဘဝဲအသေးလက်ရှည် တစ်ကီလိုလျှင် ငွေကျက် ၂၅၀၀၀၊ ရေဘဝဲလက်တို  တစ်ကီလိုလျှင် ၂၂၅၀၀ ဈေးပေါက်နေကြောင်း၊ အဆိုပါဒေသမှ ရေဘဝဲအများအပြင် အခြားရေထွက်ကုန်များအရောင်းအဝယ်ကောင်းမွန်ပြီး တင်ပို့အားကောင်းလာသည့်အတွက် ရေလုပ်သားများ၊ တစ်နိုင်တစ်ပိုင် အရောင်းအဝယ်လုပ်ငန်းရှင်များ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် ကုန်တင်ယာဉ်အငှားလိုက် လုပ်ငန်းရှင်များအလုပ်အကိုင်အခွင့်အလမ်းများ‌ကောင်းမွန်ပြီး စီးပွားရေးများ ပိုမိုအဆင်ပြေလာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News