ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ငါးမုတ်ပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ်ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင် ဒေါ်မြင့်မြင့်ခိုင်က ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ စက်တင်ဘာလအတွင်းက ငါးမုတ်ပိဿာချိန် ၅၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း ငါးမုတ်ပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ဒေသထွက် ရေထွက်ကုန်တွေထဲမှာ ငါးမုတ်တွေ ပိုမိုတင်ပို့ရောင်းချခဲ့ရပါတယ်။ အောက်တိုဘာလအတွင်းက ငါးမုတ်ပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်ကို ဒီဘက်က တင်ပို့ရောင်းချတဲ့ ငါးမုတ်တွေ အဝယ်လိုက်လာလို့ တင်ပို့အား တက်ခဲ့တာပါ။ ဒေသပွဲ ရုံတွေဆီကို ငါးမုတ်တွေ ပုံမှန်ဝင်ရောက်နေပါတယ်။ ပွဲရုံတွေဆီဝင်လာတဲ့ ငါးတွေကလဲလတ်ဆတ်မှုရှိပါတယ်။ ကုန် တင်ပို့အားတက်လာတော့ရေလုပ်ငန်းနဲ့ ဆက်စပ်နေသူတွေ အဆင်ပြေနေတာတွေ့ရပါတယ်။ ဒီဘက်ဒေသက ထွက် တဲ့ ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကိုပဲ အဓိက တင်ပို့ရောင်းချနေပါတယ်။ ရန်ကုန်ဈေးကွက်ကို ကုန်ပစ္စည်း တွေ တင်ပို့ရောင်းချရတာ အစစအရာရာ အဆင်ပြေပါတယ်” ဟု ဖျာပုံမြို့နယ်မှ ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင် ဒေါ်မြင့်မြင့်ခိုင်က ပြောပြသည်။ ဖျာပုံမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ငါးမုတ်အပါအဝင် ဒေသထွက် ရေထွက်ကုန်များကို ဝယ်ယူပြီး စနစ်တကျစစ်ဆေးသန့်စင်ထုပ်ပိုးကာ ရန်ကုန်ဈေးကွက်သို့ အဓိက တင်ပို့ရောင်းချလျက်ရှိပြီး အဆိုပါ ရန်ကုန်ဈေးကွက်မှ အခြားဒေသများသို့ ပြန်လည်တင်ပို့ရောင်းချလျက်ရှိကြောင်း၊ လက်ရှိငါးမုတ်တစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ