ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း သီးထပ်ရင်စပါး တင်းရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဝင်းလဲ့က ပြောပြ၍ သိရသည်။ ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း သီးထပ်ရင်စပါး တင်းရေ ၅၃၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်ထိ သီးထပ်ရင်စပါးတင်းရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ရန်ကုန်ဈေးကွက်ထဲကို နိုဝင်ဘာလအတွင်းက သီးထပ်ရင်စပါး တင်းရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ဓနုဖြူမြို့နယ်ကနေ စပါးအပါအဝင်လယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေး ကွက်ကို အများဆုံးတင်ပို့ရောင်ချနေပါတယ်။ သီးထပ်ရင်စပါးက ဆန်ကြမ်းအုပ်စုထဲမှာပါတဲ့ စပါးအမျိုးအစား ဖြစ်ပါ တယ်။ အဲဒီစပါးတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူများနေလို့ တင်ပို့မှုကောင်းလာတာ ဖြစ်ပါတယ်။ ပြည်တွင်း ဆန်၊ စပါး၊ ဈေးကွက်မှာကို စပါးက အဝယ်လိုက်နေပါတယ်” ဟု ဓနုဖြူမြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဝင်းလဲ့က ပြောပြသည်။ ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း တင်ပို့ရောင်းချခဲ့သည့် သီးထပ်ရင် စပါး တင်းရေ ၁၀၀ လျှင် ငွေကျပ် ၁၉၅၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ စပါးများအရောင်းအဝယ်ကောင်းလာသည့်အတွက် တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချ လုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင် အခွင့်အလမ်းကောင်းနေကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ