ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ကျားကဏန်း ပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်း ချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကြည်ကြည်ဌေး က ပြောပြသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ကျားကဏန်း ပိဿာချိန် ၄၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ကျားကဏန်း ပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသမှ ကျားကဏန်းများကို ရန်ကုန်ဈေးကွက်က အဝယ်လိုက် နေကြောင်း သိရသည်။ “ဒေသထွက် ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ထဲ ပုံမှန်တင်ပို့ ရောင်းချနေပါတယ်။ ရန်ကုန်ဈေးကွက်က လပွတ္တာမြို့နယ်က တင်ပို့တဲ့ ရေထွက်ကုန်တွေကို ဝယ်ယူမှုအများဆုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်လအတွင်း ကျားကဏန်း ပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ကျားကဏန်း တွေကလဲ လတ်ဆတ်မှုနဲ့အရွယ်အစားအလေးချိန်အပေါ် မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲရှိပါတယ်။ လက်ရှိမှာလဲ ကျားကဏန်းတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှု များပြားနေပါတယ်။ ဒီဘက်ကနေ ကျားကဏန်းတွေကို ဒေသဈေးကွက်အပြင် အခြားဒေသတွေကို ပြန်လည်တင်ပို့ရောင်းချနေပါတယ်” ဟု လပွတ္တာမြို့နယ်ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကြည်ကြည်ဌေးက ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ကျားကဏန်းတစ်ပိဿာလျှင် ငွေကျပ် ၁၅၅၀၀ မှ ၃၃၅၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ကျားကဏန်းများ အရောင်းအဝယ်ကောင်းမွန်နေသည့်အတွက် ပွဲရုံလုပ်ငန်းရှင်များ ရေလုပ်သား အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ