Local News

အထက်မင်းလှမြို့နယ်၊ ဥယျာဉ်ကျေးရွာ၏ ဆောင်းသီးနှံ ပဲကြီးစိုက်ပျိုးထားရှိမှုအခြေအနေ

Last Updated:

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်သော ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော်၊ မယ်ဇလီတော၊ ညောင်ပင်သာ စသည့်ကျေးရွာများသည် စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်ကြပြီး ကုလားပဲ၊ မတ်ပဲ၊ ပဲကြီး၊ စားတော်ပဲ၊ နှမ်း၊ နေကြာ၊ ဝါ၊ မြေပဲ၊ ပဲစင်းငုံ၊ ကြက်သွန်နီ၊ ငရုတ်၊ ခရမ်းချဉ်သီးနှင့် မေမြို့ပန်းတို့ကို ရာသီအလိုက် စီးပွားဖြစ်စိုက်ပျိုးကြကြောင်းသိရှိရပါသည်။

အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာ၌ ပဲကြီးစိုက်တောင်သူ (၁၈)ဦးခန့်ရှိပြီး စိုက်ဧကမှာ (၃၀)ဧကနီးပါးရှိကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့ကို ထွန်းတုံးဖြင့် ကြောင်းဆွဲ၍ ကြဲပက်စနစ်ဖြင့်စိုက်ပျိုးကြသည့်အပြင် (၆)လက်မစီခြား၍လည်း စိုက်ပျိုးကြကြောင်း၊ တောင်သူတစ်ဦးမှာ မိမိအနေဖြင့် (၂) ဧကခန့်စိုက်ပျိုးထားကြောင်း၊ မျိုးကို ယခင်နှစ် ပဲကြီးခင်းမှထွက်ရှိသည့် ပဲကြီးစေ့များကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ (၁)ဧကလျှင် မျိုး(၆)ပြည်ခန့်ကုန်ကျကြောင်း၊ တော်လလင်းလပြည့်ကျော်တွင် စတင်စိုက်ပျိုးပြီး (၅)လခွဲ/ (၆)လအကြာတွင် ခူးဆွတ်နိုင်ပြီဖြစ်ကြောင်း၊ (၁)ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် မြေပြုခ၊ လုပ်အားခအပါအဝင် ကျပ်(၁၀၀၀၀၀) ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်တွင် ပဲကြီးစိုက်ပျိုးရာ ကိုင်းကွင်းသို့ မြစ်ရေဝင်ရောက်ခဲ့သဖြင့် မြေအစိုဓာတ်ကောင်းကောင်းရသဖြင့် (၁)ဧကလျှင် အထွက်နှုန်းမှာ (၁၅)တင်းမှ (၂၆)တင်းထိထွက်ရှိပြီး (၁)တင်းဈေးနှုန်းအနေဖြင့်လည်း ကျပ်(၆၀၀၀၀-၇၀၀၀၀)ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ယခင်နှစ်၏ အထွက်နှုန်းအတိုင်းထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း ဥယျာဉ်ကျေးရွာနေ ပဲကြီးစိုက်တောင်သူ ဦးဇော်အောင်ထံမှ သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News