Local News

ပဲယင်း(နီ)သီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိနေ

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးကိုအဓိကထား၍ ဒေသစီးပွားဖြစ်လုပ်ကိုင်ကြပြီး ရွာသစ်ရပ်ကွက်ရှိ စိုက်တောင်သူများသည် နှစ်စဉ်ကိုင်းကျွန်းမြေများတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ပြည်ပဝယ်လိုအားကောင်းပြီး ဈေးကွက်ခိုင်လျက်ရှိသော ဂျပန်ပဲယင်းနီသီးနှံကို တောင်သူများ စိုက်ဧကမများသော်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြောင်း၊ ရွာသစ်ရပ်ကွက်ရှိ တောင်သူများသည် ကြက်သွန်နီ၊ မြေပဲ၊ ပဲမျိုးစုံကို အဓိကထား၍စိုက်ပျိုးပြီး ပဲယင်း(နီ) သီးနှံကို စိုက်ဧက (၁၀)ဧကခန့်စိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးရာတွင် လွယ်ကူ၍ ကုန်ကျစရိတ်သက်သာသော ဂျပန်ပဲယင်း(နီ)သီးနှံကို ယခုနှစ်တွင် တိုးချဲ့စိုက်ပျိုးထားရှိကြောင်းသိရှိရသည်။

ဂျပန်ပဲယင်း(နီ)ကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး မတ်လတွင် ရိတ်သိမ်းကြောင်း၊ တစ်ဧကစိုက်ပျိုးလျှင် ပဲယင်း(နီ) (၄)ပြည်ခန့်ကုန်ကျကြောင်း၊ တစ်တင်းလျှင် ကျပ် (၁၁၀၀၀၀) ဖြင့်ဝယ်ယူရကြောင်း၊ စိုက်ပျိုးရာတွင် လွယ်ကူပြီး အလုပ်သမားငှားရမ်းမှုကုန်ကျစရိတ်နည်းခြင်း၊ သွင်းအားစုအမျိုးမျိုးနှင့် ပိုးသတ်ဆေးပက်ဖျန်းခြင်းတို့ကို ပြုလုပ်သုံးစွဲခြင်းမရှိ၍ ကုန်ကျစရိတ်နည်းကြောင်း ဒေသခံတောင်သူကပြောပါသည်။

ဂျပန်ပဲယင်း(နီ)တစ်ဧကအထွက်နှုန်းမှာ တင်း(၃၅မှ ၄၀)ထိထွက်ရှိကြောင်း၊ ယခုနှစ်တွင် ရေမြေရာသီဥတုကောင်းမွန်ခြင်းကြောင့် တစ်ဧကလျှင် ပျမ်းမျှအားဖြင့် တင်း(၄၀)ခန့်ထွက်ရှိပြီး ယခင်နှစ်သီးနှံပေါ်ချိန်တွင်  တစ်တင်းလျှင် ကျပ်(၇၀၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုနှစ်တွင် ဒေသပေါက်ဈေးမှာ တစ်တင်းလျှင် ကျပ်(၆၈၀၀၀)ဖြင့်ရောင်းချကြောင်း၊ ဝင်ငွေမှာ ကျပ် (၂၇၂၀၀၀၀)ခန့်ရရှိပြီး၊ တစ်ဧကကုန်ကျစရိတ်မှာ ကျပ်(၅၀၀၀၀၀)ခန့်ကုန်ကျ၍ ကျပ်(၂၂၂၀၀၀၀)ခန့်အကျိုးအမြတ်ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ဂျပန်ပဲယင်း(နီ)စိုက်ပျိုးခြင်းဖြင့် စိုက်တောင်သူများ အကျိုးအမြတ်ရရှိနေကြကြောင်း ဒေသခံတောင်သူများထံမှသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News