International News

ပြည်ပသို့ ရော်ဘာတင်ပို့နိုင်ရေး အိန္ဒိယရော်ဘာဘုတ်အဖွဲ့ ဆောင်ရွက်မည်

Last Updated:

ကမ္ဘာ့ရော်ဘာဈေးနှုန်းများ မြင့်တက်လျက်ရှိသော်လည်း အိန္ဒိယပြည်တွင်း၌ ဈေးနှုန်းများ လိုက်ပါပြောင်းလဲမှု ရပ်တန့်နေသဖြင့် ပြည်တွင်းဈေးကွက် ခိုင်မာအားကောင်းစေရေးအတွက် ပြည်ပတင်ပို့မှုကို မြှင့်တင်ဆောင်ရွက်ရန် အိန္ဒိယတောင်သူများက တောင်းဆိုလျက်ရှိကြောင်း သိရှိရသည်။

နိုင်ငံတကာဈေးကွက်၌ သဘာဝရော်ဘာဈေးနှုန်းများမှာ ၁ ကီလိုဂရမ်လျှင် ရူပီးငွေ ၂၀၀ အထက်သို့ ကျော်လွန်လာခဲ့ရာ အိန္ဒိယပြည်တွင်းရှိ ရော်ဘာအဓိကထုတ်လုပ်ရာဒေသဖြစ်သော Kottayam ဈေးကွက်တွင်လည်း ၁၂-၃-၂၀၂၄ နေ့၌ ၁ ကီလိုဂရမ်လျှင် ၁၇၅ ရူပီးနှုန်းသို့ ရောက်ရှိခဲ့သည်။ ပြည်တွင်းရော်ဘာဈေးနှုန်းများကို နိုင်ငံတကာဈေးနှုန်းများနှင့်အညီ လိုက်ပါချိန်ညှိရန် ဖိအားများသက်ရောက်မှုနှင့်အတူ အိန္ဒိယရော်ဘာဘုတ်အဖွဲ့သည် ပြည်ပသို့ သဘာဝရော်ဘာတင်ပို့ရေး လှုံ့ဆော်မှုများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ ၁၅-၃-၂၀၂၄ နေ့တွင် ရော်ဘာ ပို့ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ပြည်တွင်းဈေးကွက် သုံးသပ်ခြင်းနှင့် ရော်ဘာအဆင့်အတန်း အမျိုးအစားအလိုက် ပြည်ပဈေးကွက် တင်ပို့နိုင်မည့် အလားအလာဖော်ထုတ်ခြင်းတို့ကို ဆွေးနွေးရန် စီစဉ်ထားရှိကြောင်း The New Indian Express သတင်းဌာနက ဖော်ပြပါသည်။

ပြည်တွင်းရော်ဘာဈေးနှုန်းများမှာ ကမ္ဘာ့ဈေးကွက်နှင့်အညီ တိုးတက်ပြောင်းလဲမှုမရှိပဲ ရပ်တန့်နေခြင်းသည် လော့ဆာဘလွှတ်တော်အတွက် ဆန္ဒမဲပေးပွဲများ ကျင်းပမှုမတိုင်မီကာလ၌ အဓိက ဆွေးနွေးအဖြေရှာရမည့် ကိစ္စတစ်ရပ်ဖြစ်လာခဲ့သည်။ နိုင်ငံတစ်ဝန်း၌ ရော်ဘာဈေးနှုန်းများကို ကြိုးကိုင်ချယ်လှယ်နိုင်ရန်အတွက် ပြည်တွင်းရှိ တာယာကုမ္ပဏီများအနေဖြင့် ရော်ဘာပို့ကုန်ဈေးကွက်အတွင်း ဝင်ရောက်မှုမပြုပဲ ရည်ရွယ်ချက်ရှိစွာ ရှောင်ခွာနေကြသည်ဟု တောင်သူများက ထင်မြင်လျက်ရှိသည်။ ထို့အပြင် ပြည်ပသို့ ရော်ဘာတင်ပို့ခြင်းကသာ အဆိုပါကုမ္ပဏီများအား တာယာထုတ်လုပ်သည့်လုပ်ငန်းအတွက် ပြည်တွင်းမှကုန်ကြမ်းကို အရင်းအမြစ်အဖြစ်ရယူစေရန် တောင်းဆိုနိုင်ပြီး ဈေးနှုန်းများကို မြင့်တက်စေနိုင်မည်ဟု ၎င်းတို့က ရှုမြင်ထားကြသည်။ သို့ဖြစ်ရာ ရော်ဘာဘုတ်အဖွဲ့၏ မည်သည့်ကြားဝင်ဆောင်ရွက်မှုမဆို အဆိုပါဒေသတွင်း၌ အရေးပါသည့် နိုင်ငံရေးဆိုင်ရာ တိုးတက်မှုတစ်ရပ်ကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။

ရော်ဘာထုတ်လုပ်သူများ၏ လူမှုရေးအသင်းများ အမျိုးသားအဆင့်ပူးပေါင်းအဖွဲ့ (NCRPS) မှ ကိုယ်စားလှယ်များသည် ၁၁-၃-၂၀၂၄ နေ့တွင် အိန္ဒိယရော်ဘာဘုတ်အဖွဲ့၏ ဥက္ကဋ္ဌနှင့် တွေ့ဆုံလျက် ရော်ဘာတင်ပို့နိုင်ရေး ကြားဝင်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထိုသို့ တွေ့ဆုံရာ၌ ရော်ဘာတင်ပို့မှုကို အမြဲမပြတ်ဆောင်ရွက်နိုင်ရေးအတွက် ရော်ဘာဘုတ်အဖွဲ့အောက်ရှိ ကုမ္ပဏီများနှင့် ရော်ဘာထုတ်လုပ်သည့် လူမှုရေးအသင်းများအကြား ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်တစ်ရပ်ကို ချမှတ်ထားပြီးဖြစ်သည်ဟု ရော်ဘာဘုတ်အဖွဲ့ ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း၊ ရော်ဘာဝယ်ယူရေးလုပ်ငန်းများအတွက် ဖြစ်နိုင်ခြေရှိသော အထောက်အပံ့များ ပေးအပ်ရန် ၎င်းဘုတ်အဖွဲ့က စဉ်းစားလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် အပြုသဘောရလဒ်ထွက်ပေါ်မည်ဟု ရှုမြင် ထားကြောင်းဖြင့် NCRPS မှ အထွေထွေအတွင်းရေးမှူး Babu Joseph က ပြောဆိုခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အိန္ဒိယရော်ဘာ၏ ဈေးနှုန်းများမှာ ထိုင်းနိုင်ငံ ဘန်ကောက်ဈေးကွက်၌ဖြစ်ပေါ်သော ဈေးနှုန်းများ၏အောက်သို့ ကျဆင်းမှု ဖြစ်ပေါ်ခဲ့သည်။ အိန္ဒိယ ရော်ဘာဘုတ်အဖွဲ့၏ အချက်အလက်များအရ ၁၂-၂-၂၀၂၄ နေ့၌ မှိုင်းခံရော်ဘာအဆင့်-၄ (RSS-4) ဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ဘန်‌ကောက်ဈေးကွက်တွင် ၂၁၇.၄၃ ရူပီးနှုန်းခန့်ရှိပြီး အိန္ဒိယပြည်တွင်း၌ ၁၇၅ ရူပီးနှုန်းသာရှိကြောင်း တွေ့ရှိရသည်။

ရော်ဘာ အဓိကထုတ်လုပ်တင်ပို့သည့် ထိုင်း၊ အင်ဒိုနီးရှားနှင့် အိုင်ဗရီကို့စ် နိုင်ငံများတွင် ရောင်းလိုအားပြတ်လပ်မှုဖြစ်ပေါ်ခြင်းကြောင့် ကမ္ဘာ့ရော်ဘာဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ အရှေ့တောင်အာရှဒေသနိုင်ငံများတွင် ဆောင်းရာသီကာလ ကျရောက်မှုနှင့်အတူ နိုဝင်ဘာ - ဒီဇင်ဘာကာလများအတွင်း ရာသီဥတု ကောင်းမွန်မှုမရှိခြင်းက ရော်ဘာထုတ်လုပ်မှုကို ကျဆင်းစေခဲ့သည်။

အိန္ဒိယနိုင်ငံ၌ ပြည်ပသို့ ရော်ဘာတင်ပို့ရန် ဆွဲဆောင်မှုအဖြစ် ပို့ကုန်အပေါ် အခွန်အခများ ပြန်လည်ထုတ်ပေးသည့် အစီအစဉ်အောက်တွင် သင်္ဘောပေါ်အရောက်တင်ပို့မှု FOB တန်ဖိုးအပေါ် ၁.၄% အကျိုးခံစားခွင့်ကို ဗဟိုအစိုးရက ခွင့်ပြုပေးလျက်ရှိသည်။ အိန္ဒိယရော်ဘာဘုတ်အဖွဲ့အနေဖြင့် အိန္ဒိယသဘာဝရော်ဘာဟူသော အမှတ်တံဆိပ်ဖြင့် အရည်အသွေးကောင်းမွန်သည့် ရော်ဘာများကို ပထမဆုံးအကြိမ်အဖြစ် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးလျက် ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Source: The New Indian Express, 13 Mar 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News