ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း မိကျောင်းကွမ်းဖတ် ပိဿာချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဟင်္သာတမြို့နယ် လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်အေးသိန်းက ပြောပြသည်။ ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်းက မိကျောင်းကွမ်းဖတ် ပိဿာချိန် ၅၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ မိကျောင်းကွမ်းဖတ် ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “မိကျောင်းကွမ်းဖတ်တွေကို ဟင်္သာတမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ထဲကို တင်ပို့ရောင်းချနေပါတယ်။ ဖေဖော်ဝါရီလအတွင်း မိကျောင်းကွမ်းဖတ် ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်ကနေတစ်ဆင့် အခြားဈေးကွက်တွေကို တင်ပို့ရောင်းချနေပါတယ်။ မိကျောင်းကွမ်းဖတ် လုပ်ငန်းက ဆောင်းနဲ့နွေကာလမှာ အရောင်းအဝယ်အကောင်းဆုံးအချိန်ဖြစ်ပါတယ်” ဟု ဟင်္သာတမြို့နယ် လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးသိန်းက ပြောပြသည်။ ဟင်္သာတမြို့နယ်တွင် မိကျောင်းကွမ်းဖတ်များကို ပင်လယ်ကွမ်းဖတ်များကို ပင်လယ်ကမ်းစပ်နှင့် နီးစပ်သည့် ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး မိကျောင်းကွမ်းဖတ်များသည် စိုက်ပျိုးပြီးချိန်မှစတင်ကာ လိုအပ်သော ပိုးသတ်ဆေး၊ မှိုသတ်ဆေးများဖျန်းပတ်ပေးရပြီး လိုအပ်ပါက ရေတင်ပေးရကြောင်း၊ ထိုသို့ မိကျောင်းကွမ်းဖတ် တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း ၁၇ တင်းမှ ၂၄ တင်းထိ ထွက်ရှိကြောင်း၊ အဆိုပါ မိကျောင်းကွမ်းဖတ် တစ်ပိဿာလျှင် ငွေကျပ် ၁၄၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ