ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ငါးမုတ်ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်မြင့်ခိုင်က ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်းက ငါးမုတ်ပိဿာချိန် ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ငါးမုတ်ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ငါးမုတ်များကို ပြည်တွင်းဈေးကွက်က ဝယ်ယူမှုများလာခြင်းကြောင့် တင်ပို့အားကောင်းလာခြင်းဖြစ်ကြောင်း သိရသည်။ “ဒေသထွက် ရေထွက်ကုန်တွေထဲမှာ ငါးမုတ်တွေကို ပိုမိုတင်ပို့ရောင်းချအားကောင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်လအတွင်း ငါးမုတ်ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်က ငါးမုတ်တွေအဝယ်လိုက်လာလို့ တင်ပို့အားကောင်းခဲ့တာပါ။ ပွဲရုံတွေဆီဝင်လာတဲ့ ငါးမုတ်တွေကလဲ လတ်ဆတ်မှုရှိပါတယ်” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်ခိုင်က ပြောပြသည်။ လပွတ္တာမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ငါးမုတ်များအပါအဝင် ဒေသထွက်ရေထွက်ကုန်များကို ဝယ်ယူပြီး စနစ်တကျသန့်စင်ကာ ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်ချလျက်ရှိကြောင်း၊ လက်ရှိ ငါးမုတ်တစ်ပိဿာလျှင် ငွေကျပ် ၁၇၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ