ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ဒေသထွက်ကွမ်းရွက်များ ဝယ်ယူမှုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဘိုကလေးမြို့နယ်မှ ကွမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဌေးက ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်တွင် ဒေသထွက်ကွမ်းရွက်များ ယခုနှစ်မေလပထမပတ်မှ မေလ ၁၈ ရက်နေ့ထိ ဝယ်ယူမှု အားကောင်းလာသဖြင့် အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါ ဒေသထွက် ကွမ်းရွက်များ တစ်ရက်လျှင် ငွေကျပ် ပိဿာချိန် ၅၀၀၀ မှ ၆၅၀၀ ထိ အရောင်းအဝယ်ကောင်းမွန်နေကြောင်း သိရသည်။ “ လက်ရှိ ကွမ်းရွက်တွေက ဒေသတွင်းမှာကို အရောင်းအဝယ်ကောင်းနေတာပါ။ လက်ရှိကွမ်းရွက် တစ်ပိဿာကို ငွေကျပ် ၁၁၀၀၀ ထိ ဈေးပေါက်နေပါတယ်။ ဒေသထွက်ကွမ်းရွက်တွေကို ဒေသဈေးကွက်အပြင် မော်လမြိုင်ကျွန်းဘက်နဲ့ အခြားဒေသတွေက ဝယ်ယူမှုအာကောင်းနေလို့ အရောင်းအဝယ်ကောင်းနေတာပါ။ ဒေသထွက်ကွမ်းရွက်တွေကို အရောင်းအဝယ်လုပ်ရတော့ အခက်အခဲမရှိပါဘူး” ဟု ဘိုကလေးမြို့နယ်မှ ကွမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဌေးက ပြောပြသည်။ ဘိုကလေးမြို့နယ်တွင် ကွမ်းရွက်ရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ဒေသထွက်ကွမ်းရွက်များကို အခြားဒေသများသို့ စနစ်တကျထုပ်ပိုးတင်ပို့ရောင်းချနေကြောင်း၊ အဆိုပါကွမ်းရွက်များ အရောင်းအဝယ်အားကောင်းလာသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် ကုန်သည်များ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ကုန်တင်ကုန်ချလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ