ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ဘဲဥအလုံးရေ ၇၀၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ်မှ မွေးမြူရေးထွက်ကုန် ရောင်းဝယ်ရေးပိုင်ရှင် ဒေါ်သူဇာမြင့်ထံမှ သိရသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ စက်တင်ဘာလအတွင်းက ဘဲဥအလုံးရေ ၄၅၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ ဘဲဥအလုံးရေ ၇၀၀၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ကျိုက်လတ်မြို့နယ်က ထွက်ကုန်တွေကို ရန်ကုန် ဈေးကွက်ထဲကို အများဆုံး တင်ပို့ရောင်းချပါတယ်။ အောက်တိုဘာလအတွင်း ဘဲဥအလုံးရေ ၇၀၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိ နိုဝင်ဘာလထဲမှာလဲ ဘဲဥက အရောင်းအဝယ်ကောင်းနေပါတယ်။ လက်ရှိ ဘဲဥဈေး ကောင်းနေတဲ့ အဓိကအချက်က ဥစားဘဲမွေးမြူတဲ့သူတွေ လျော့နည်းလာတာကြောင့်ပါ” ဟု ကျိုက်လတ်မြို့နယ်မှ မွေးမြူရေးထွက်ကုန်ရောင်းဝယ်ရေးပိုင်ရှင် ဒေါ်သူဇာမြင့်က ပြောပြသည်။ ကျိုက်လတ်မြို့နယ်တွင် ဥစားဘဲမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများသည် မွေးမြူရေးလုပ်ငန်းရှင် တစ်ဦးလျှင် ဘဲအကောင်ရေ ၁၀၀၀ မှ ၂၀၀၀ ထိ မွေးမြူကြကြောင်း၊ အဆိုပါ ဒေသထွက်ဘဲဥများကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချပြီး ဥစားဘဲမွေးမြူပါက အကောင်ရေ ၁၀၀၀ မွေးမြူလျှင် ဘဲအကောင်ရေ ၁၀၀၀ ၏ တန်ဖိုးအပါအဝင် ကုန်ကျစရိတ် ငွေကျပ် ၁၈ သိန်းမှ ၂၅ သိန်းခန့် ကုန်ကျကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ