ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်တွင် ဒေသထွက် ခရမ်းသီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဓနုဖြူမြို့နယ်ကုန်စိမ်းမျိုးစုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဝင်းဌေးက ပြောပြသည်။ ဓနုဖြူမြို့နယ်တွင်ဒေသထွက်ခရမ်းသီးများထွက်ရှိပြီး လက်ရှိနိုဝင်ဘာလပထမပတ်မှ စတင်ပြီး ယနေ့ထိ ခရမ်းသီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါဒေသထွက်ရှိသည့် ခရမ်းသီးများ တစ်ရက်လျှင် ခရမ်းသီးအလုံးရေ ၃၀၀၀၀ မှ ၃၅၀၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ “ဓနုဖြူမြို့နယ်ကနေ ထွက်ရှိတဲ့ ခရမ်းသီးတွေ အရောင်းအဝယ်ဖြစ်နေပါတယ်။ အခြားဒေသကုန်စိမ်းဈေးကွက်က ဝယ်ယူမှုတွေ များနေပါတယ်။ အခြားဒေသတွေကို အလုံးရေ ၃၅၀၀၀ ထိ တင်ပို့ရောင်းချနေတာပါ။ ဒေသထွက် ခရမ်းသီးတွေက ပိုးမွှားကင်းရှင်းပြီး အရည်အသွေး ကောင်းမွန်တာတွေ့ရပါတယ်” ဟု ဓနုဖြူမြို့နယ် ကုန်စိမ်းမျိုးစုံ ရောင်းဝယ်ရေးပွဲရုံ ပိုင်ရှင်ဒေါ်ဝင်းဝင်းဌေးက ပြောပြသည်။ ဓနုဖြူမြို့နယ်မှ ထွက်ရှိသည့် ခရမ်းသီးအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၂၂၀၀၀ ပေါက်ဈေးရှိကြောင်း ဓနုဖြူမြို့နယ် ကုန်စိမ်းမျိုးစုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဝင်းဌေးထံမှ သိရှိရသည်။
Source: ရတနာပုံ သတင်းစာ