Local News

မန္တလေး ပဲ၊ နှမ်းဈေးကွက်တွင် ကုလားပဲနှင့် မတ်ပဲ အရောင်းအဝယ်ပြန်လည်ကောင်းမွန်လျက်ရှိ

Last Updated:

မန္တလေး ပဲ၊ နှမ်းဈေးကွက်တွင် ကုလားပဲနှင့် မတ်ပဲ အရောင်းအဝယ်ပြန်လည်ကောင်းမွန်လျက်ရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်)မှ အတွင်းရေးမှူး ဦးစက်မောင်ဆွေထံမှ သိရသည်။ ပဲ၊ ပြောင်း၊ နှမ်း စသည့်ကုန်စည်များထဲတွင် ကုလားပဲနှင့် မတ်ပဲအမျိုးအစားမှာ ပြည်တွင်းဈေးကွက်အတွင်း အရောင်းအဝယ်မှာ ပုံမှန်အတိုင်းသာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုလက်ရှိတွင် ကုလားပဲနှင့် မတ်ပဲ အမျိုးအစားများကို ကုန်သည်များ ဝယ်ယူမှု ပြန်လည်များပြားလာပြီး အရောင်းအဝယ်မှာလည်း ပြန်လည်ကောင်းမွန်ခဲ့ကြောင်း သိရသည်။ “မန္တလေးကုန်စည်ဒိုင်မှာတော့ ကုလားပဲနဲ့ မတ်ပဲတွေ အရောင်းအဝယ်ပြန်ဖြစ်နေတဲ့အပြင် အခြားပြောင်း၊ ဂျုံ၊ တရုတ်ပဲကြီး စတဲ့ကုန်စည်တွေလဲ ဈေးကွက်ထဲမှာ အရောင်း အဝယ်ပြန်ပြီး ကောင်းနေတယ်။ ကျန်တဲ့ပြောင်းတို့၊ ပဲတီစိမ်း စတဲ့ကုန်စည်တွေကတော့ ပုံမှန်အတိုင်းပဲ အရောင်းအဝယ်ဖြစ်နေပါတယ်”ဟု ၎င်းက ဆက်လက်ပြောပြသည်။ မန္တလေး ပဲ၊ ပြောင်း၊ နှမ်း ဈေးကွက်အတွင်း ယနေ့ပေါက်ဈေးအရ ကုလားပဲ(V2) သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ ကုလားပဲ(V7)သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၂၈၀၀၀၊ ကုလားပဲ(TW)သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၈၇၀၀၀၊ ကုလားပဲ(929) သုံး တင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ အလားတူ ပဲ၊ နှမ်းဈေးကွက် အနေအထားအရ မတ်ပဲမှားလည်း အရောင်းအဝယ်ကောင်းမွန်လျက်ရှိပြီး ယနေ့ပေါက်ဈေးမှာ မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ မန္တလေး ပဲ၊ ပြောင်း၊ နှမ်းဈေးကွက်အတွင်း ယနေ့ပေါက်ဈေးအရ နှမ်းနက်(စမုန်)သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၅၉၀၀၀၀၊ နှမ်းညို သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News