Local News

မန္တလေးဈေးကွက်အတွင်း အောင်ပန်းမှထွက်ရှိသည့် ကြက်သွန်ဖြူများအရောင်းအဝယ်ကောင်းမွန်လာ

Last Updated:

မန္တလေးဈေးကွက်အတွင်း အောင်ပန်းမှ ထွက်ရှိသည့် ကြက်သွန်ဖြူများ အရောင်းအဝယ်ကောင်းမွန်လာကြောင်း အောင်ကြက်သွန်နှင့် အာလူးပွဲရုံပိုင်ရှင် ဒေါ်မေသဲဆွေက ပြောပြ၍ သိရသည်။ ယခုလက်ရှိ ပြည်တွင်းဈေးကွက်အတွင်း အောင်ပန်းမှ ထွက်ရှိသည့် ကြက်သွန်ဖြူများအရည်အသွေးကောင်းသဖြင့် အရောင်းအဝယ် ကောင်းမွန်နေကြောင်း၊ မန္တလေးဈေးကွက်အတွင်း၌လည်း အောင်ပန်းမှ ထွက်ရှိသည့် ကြက်သွန်ဖြူ များကို ကုန်သည်များ အဝယ်လိုက်လာကြောင်း သိရသည်။ “အခုမန္တလေးဈေးကွက်ထဲမှာ အောင်ပန်းဘက်ကနေ ထွက်ရှိတဲ့ ကြက်သွန်ဖြူတွေကို ကုန်သည်တွေအနေနဲ့ အဝယ်တော်တော်များလာတယ်။ ကြက်သွန်ဖြူတွေ အဝယ်လိုက်လာတာကြောင့် မန္တလေးဈေးကွက်ထဲမှာ အောင်ပန်းကြက်သွန်ဖြူတွေအရင်ကထက် ပိုပြီးအရောင်းအဝယ် ပြန်ဖြစ်ပါတယ်” ဟု အောင် ကြက်သွန်နှင့် အာလူးပွဲရုံပိုင်ရှင် ဒေါ်မေသဲဆွေက ပြောပြသည်။ မန္တလေး ဈေးကွက်အတွင်း၌ ယနေ့ပေါက်ဈေးအရ အောင်ပန်းဘက်မှ ထွက်ရှိသည့် ကြက်သွန်ဖြူ တစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀၀ ခန့် ထိ ပေါက်ဈေးရှိပြီး အရောင်းအဝယ်ကောင်းမွန်ကြောင်း သိရသည်။ “အခုလတ်တလော အောင်ပန်း ဘက်ကနေ မန္တလေးကို တင်ပို့တဲ့ ကြက်သွန်ဖြူတွေကို ရန်ကုန်နဲ့ အခြားမြို့တွေကိုလဲ ပြန်ပြီးတင်ပို့နေရပါတယ်။ အောင်ပန်းကထွက်တဲ့ ကြက်သွန်ဖြူတွေကို ပြည်ပနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဘက်က ကုန်သည်တွေကလဲ မှာယူမှုတွေရှိပါတယ်” ဟု အောင် ကြက်သွန်နဲ့ အာလူးပွဲရုံပိုင်ရှင် ဒေါ်မေသဲဆွေက ပြောပြ၍ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ                        

Category: Local News