International News

ပုပ်သိုးလွယ်သောသီးနှံများ၊ ဟင်းသီးဟင်းရွက်များတင်သွင်းမှုအတွက် အသိပေးချက်ထုတ်ပြန်ပေးရန် ထိုင်းအစိုးရကို ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်က တောင်းဆိုထား

Last Updated:

လယ်ယာထွက်ကုန်အချို့တွင် အဆိပ်အတောက်ဖြစ်စေသည့် ပိုးသတ်ဆေးများပါဝင်မှုကို တွေ့ရှိခဲ့ပြီးနောက် အိမ်နီးချင်းနိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ တင်သွင်းထားသည့် သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို ပိုမိုသေချာစွာ စစ်ဆေးပေးရန်အစိုးရကို ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ် (Federation of Thai Industries-FTI) က တောင်းဆိုထားကြောင်း၊ နိုင်ငံအများအပြားတွင် တားမြစ်ထားသည့် အဆိပ်အတောက်ဖြစ်စေသော ဓါတုပစ္စည်းများပါဝင်သည့် သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို ထိုင်းနိုင်ငံက ဆက်လက်တင်သွင်းခွင့်ပြုထားကြောင်း၊ စားသုံးသူများအပေါ် ကျန်းမာရေးနှင့်မညီညွတ်သော အကျိုးသက်ရောက်မှုများ မဖြစ်ပေါ်စေရန် လယ်ယာသွင်းကုန်များကို ပိုမိုဂရုတစိုက်စစ်ဆေးသွားရန်နှင့် စားသုံးသူများ၏ စိတ်ချယုံကြည်မှုရရှိရေး တင်သွင်းလာသည့် သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို စစ်ဆေးမည့်သူများ အရေအတွက်တိုးမြှင့် ရန်အချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း FTI ဥက္ကဋ္ဌ Mr. Kriengkrai Thiennukul ၏ ပြောကြားခဲ့မှုကို Bangkok Post သတင်းဌာနက ဖော်ပြထားပါသည်။

ထိုင်းနိုင်ငံသည် ပြည်ပမှ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ ကိုက်လန် (Kale)၊ ပင်စိမ်း၊ ငရုပ်သီးနှင့် ပန်းဂေါ်ဖီတို့ တင်သွင်းပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြီးခဲ့သည့်နှစ်ကထက် ၈.၄ % ပိုမို တင်သွင်းကာ ကုန်သွယ်မှုတန်ဖိုး ဘတ် ၁၃.၂ ဘီလီယံ ရှိကြောင်း FTI အရ သိရှိရပါသည်။ ထိုင်းနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု တိုးတက်ရေးအတွက် အရေးပါသော စိုက်ပျိုးရေးကဏ္ဍတွင် သွင်းကုန်များ၏ အကျိုးသက်ရောက်မှုအပေါ် FTI က ဆောင်ရွက်နေပြီး သွင်းကုန်ပြဿနာများမှာ  လယ်ယာကုန်စည်များကြောင့်သာ မဟုတ်ကြောင်း တွေ့ရှိရပါသည်။

FTI သည် ယခင်ကကည်းက ပြည်တွင်းအသေးစားနှင့်အလတ်စားလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို ထိခိုက်စေသည့် ဈေးပေါသော တရုတ်ပစ္စည်းများ ဝင်ရောက်လာခြင်းကို သတိပေးခဲ့ကြောင်း၊ ပြည်တွင်းထုတ်လုပ်သူများကို ထိခိုက်စေသော တရုတ်သွင်းကုန်အများစုမှာ သံမဏိ၊ အလူမီနီယမ်၊ ပလတ်စတစ်၊ ကြွေထည်များ၊ ရေနံဓာတုဗေဒပစ္စည်းများနှင့် ဆေးဝါးစသည့်ကဏ္ဍ ၂၀ ခန့်ရှိကြောင်း၊ အချို့ထုတ်ကုန်များသည် လိုအပ်သောအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာစံချိန်စံညွှန်းများနှင့် မကိုက်ညီနိုင်သောကြောင့် စစ်ဆေးရန်လိုအပ်ကြောင်း FTI ကဆိုသည်။

စျေးပေါပြီး စံချိန်မမီသော ကုန်ပစ္စည်းများဝင်ရောက်လာမှုကို ရပ်တန့်ရန် သွင်းကုန်များ၏ အရည်အသွေးကို ထိုင်းစက်မှုစံချိန်စံညွှန်း ဌာန (TISI) နှင့် အကောက်ခွန်ဦးစီးဌာနတို့ ပူးပေါင်းစစ်ဆေးရန် စက်မှုဝန်ကြီး Pimphattra Wichaikul က ညွှန်ကြားထားပါသည်။ သို့သော် အရည်အသွေးနိမ့်ပစ္စည်းအများအပြားမှာ ပြည်တွင်းသို့တင်သွင်းဆဲဖြစ်ကြောင်း Mr. Kriengkrai က အစောပိုင်းတွင် ပြောကြားခဲ့ပါသည်။

Source : https://www.bangkokpost.com

Source: https://commerce.gov.mm

Category: International News