International News

တောင်သူများထံမှ ပဲမျိုးစုံနှင့် ကြက်သွန်နီဝယ်ယူရရှိရေး ကြိုတင်မှတ်ပုံတင်ရန် အိန္ဒိယအစိုးရ စီစဉ်

Last Updated:

အိန္ဒိယနိုင်ငံတွင် လာမည့်မိုးသီးနှံရာသီ၌ စိုက်ပျိုးထုတ်လုပ်မှုမှထွက်ရှိမည့် ပဲစင်းငုံ၊ မတ်ပဲနှင့် ကြက်သွန်နီတို့ကို အရန်ရိက္ခာထားရှိရေး ဝယ်ယူရန်အတွက် တောင်သူများအနေဖြင့် စားသုံးသူရေးရာဝန်ကြီးဌာန၏ အချက်အလက်စင်္ကြန်တွင် ကြိုတင်မှတ်ပုံရန် အစိုးရဝယ်ယူရေးအေဂျင်စီများဖြစ်သော အမျိုးသားလယ်ယာထွက်ကုန် သမဝါယမဈေးကွက် အသင်းချုပ် (NAFED) နှင့် အမျိုးသားစားသုံးသူ သမဝါယမအသင်းချုပ် (NCCF) တို့က တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အစိုးရအရာရှိများ၏ ပြောဆိုချက်အရ တောင်သူများ၏ ကြိုတင်မှတ်ပုံတင် စာရင်းပေးမှုမှတစ်ဆင့် ဝယ်ယူရရှိနိုင်မည့် သီးနှံပမာဏကို အကဲဖြတ်ချင့်ချိန်လျက် ပဲမျိုးစုံနှင့် ကြက်သွန်နီတို့၏ သိုလှောင်မှု၊ ဖြန့်ဖြူးမှုစသည့် ထောက်ပံ့ပို့ဆောင်ရေး အစီအမံများကို အစိုးရ‌အေဂျင်စီများက လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရ၏ အချက်အလက်စင်္ကြန်၌ မှတ်ပုံတင်ထားသော်လည်း အစိုးရက ကမ်းလှမ်းသည့် ဈေးနှုန်းထက် ပုဂ္ဂလိကကုန်သည်များ၏ ဈေးနှုန်းက ပိုမိုမြင့်မားမှုရှိပါက တောင်သူများအနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များကို လွတ်လပ်စွာ ရောင်းချနိုင်ခွင့်ရှိမည်ဖြစ်ကြောင်း Financial Express သတင်းဌာနက ဖော်ပြပါသည်။

ပဲစင်းငုံ ဝယ်ယူရေးကို သမားရိုးကျ ဆောင်ရွက်လေ့မရှိသော ဘီဟာ၊ ဥတာပရာဒေ့ရှ်နှင့် ဂျားခန် ပြည်နယ်များ၌  လာမည့်မိုးသီးနှံ စိုက်ပျိုးထုတ်လုပ်မှုမှ ဝယ်ယူရရှိနိုင်ရေးအတွက် လိုအပ် သော အခြေခံအဆောက်အအုံများကို ထူထောင်ဆောင်ရွက်လျက်ရှိကြောင်း အစိုးရအရာရှိတစ်ဦးက ပြောဆိုခဲ့သည်။ အနိမ့်ဆုံး အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် တောင်သူများ၏ ကုန်စည်များအား ရောင်းချနိုင်မှု သေချာခိုင်မာစေရေး ရည်ရွယ်ဆောင်ရွက်သော ဈေးနှုန်းထောက်ပံ့မှု အစီအစဉ်အောက်၌ NAFED နှင့် NCCF တို့သည် ရာဂျပ်စတန်၊ မဒ္ဒရာပရာဒေ့ရှ်၊ ကာနာတကာနှင့် မဟာရဋ္ဌ ပြည်နယ်များရှိ တောင်သူများထံမှသာ ပဲမျိုးစုံဝယ်ယူခြင်းကို အဓိက ဆောင်ရွက်လေ့ရှိသည်။

အရန်ကြက်သွန်နီ ဝယ်ယူခြင်းကိုမူ မဟာရဋ္ဌပြည်နယ်၌သာ အဓိကထား လုပ်ဆောင်ခြင်းဖြစ်သည်။ အိန္ဒိယအစိုးရသည် လက်ရှိဘဏ္ဍာနှစ်အတွင်း ကြက်သွန်နီ တန်ချိန် ၅ သိန်း ဝယ်ယူ၍ အရန်ရိက္ခာထားရှိရန် လျာထားပြီး ကြက်သွန်နီ ၁ ကီလိုဂရမ်လျှင် ၁၇ ရူပီးမှ ၂၀ ရူပီးအတွင်းရှိ သောဈေးနှုန်းဖြင့် တောင်သူများထံမှ ဝယ်ယူခြင်းကို NCCF အသင်းချုပ်က လုပ်ကိုင်လျက်ရှိသည်။

Source: Financial Express, 16 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News