International News

၂၀၂၄ ခုနှစ် မတ်လတွင် မလေးရှားနိုင်ငံ၏ ရော်ဘာထုတ်လုပ်မှု ၉.၂% ကျဆင်း

Last Updated:

မလေးရှားနိုင်ငံ၏ သဘာဝရော်ဘာထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ၂၉၆၉၁ တန်ရှိရာမှ ၉.၂% ကျဆင်းလျက် မတ်လတွင် ၂၆၉၆၆ တန်သာ ထုတ်လုပ်နိုင်ခဲ့သည်ဟု မလေးရှား စာရင်းအင်းဦးစီးဌာန (DOSM) ၏ ၁၃-၅-၂၀၂၄ နေ့၌ ထုတ်ပြန်သည့် အချက်အလက်များအရ သိရှိရကြောင်း မလေးရှားနိုင်ငံ အခြေစိုက် သဘာဝရော်ဘာ ထုတ်လုပ်သည့်နိုင်ငံများအသင်း (The Association of Natural Rubber Producing Countries - ANRPC) က ဖော်ပြပါသည်။

မလေးရှား စာရင်းအင်းဦးစီးဌာန (DOSM) ၏ ထုတ်ပြန်ချက်တွင် နှစ်အလိုက် ရော်ဘာထုတ်လုပ်မှုအား နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် မတ်လ၌ ၂၇၁၈၈ တန်ရှိခဲ့သည့်အတွက် ယခုနှစ် မတ်လတွင် ၀.၈% ခန့် ကျဆင်းခဲ့ကြောင်း၊ မလေးရှားနိုင်ငံ၌ စုစုပေါင်း သဘာဝရော်ဘာ လက်ကျန်ပမာဏမှာ ဖေဖော်ဝါရီလတွင် တန်ချိန် ၂၂၉၉၄၀ ရှိရာမှ မတ်လ၌ တန်ချိန် ၂၂၂၄၅၅ တန်သို့ ၃.၃% ကျဆင်းခဲ့ကြောင်း၊ သို့သော် ပြည်ပသို့ သဘာဝရော်ဘာတင်ပို့မှုအနေဖြင့် မတ်လတွင် ၅၈၉၆၅ တန်ရှိရာ ဖေဖော်ဝါရီလ၌ တင်ပို့မှု ၅၅၀၈၃ တန်အပေါ် ၇% တိုးတက်ခဲ့ကြောင်း သိရပါသည်။

မတ်လအတွင်း ပြည်ပသို့ရော်ဘာတင်ပို့မှု ဈေးကွက်ဝေစုအနေဖြင့် တရုတ်နိုင်ငံသည် စုစုပေါင်း တင်ပို့မှု၏ ၄၈.၉%၊ ဂျာမနီသည် ၉.၃%၊ အာရပ်စော်ဘွားများပြည်ထောင်စုသည် ၉.၂%၊ အိန္ဒိယသည် ၆.၉% နှင့် ပါကစ္စတန်သည် ၄.၅%  ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဓိကအားဖြင့် လက်အိတ်၊ တာယာ၊ မော်တော်ယာဉ်ကျွတ်နှင့် ရော်ဘာကြိုးစသည့် သဘာဝရော်ဘာအခြေခံ ထုတ်ကုန်များအား တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြပါသည်။

မတ်လအတွင်း လက်အိတ်များအား မလေးရှားရင်းဂစ် ၁.၁၄ ဘီလီယံ (အမေရိကန် ဒေါ်လာသန်း ၂၄၀) တန်ဖိုးရှိသော ရော်ဘာအခြေခံထုတ်ကုန်များအဖြစ် အဓိကတင်ပို့ခဲ့ပြီး ဖေဖော်ဝါရီလတွင် တင်ပို့မှုမှာ ရင်းဂစ် ၁.၁ ဘီလီယံဖြစ်သည့်အတွက် ၃.၉% ခန့် တိုးတက်ခဲ့ကြောင်း သိရပါသည်။

Source: ANRPC, 14 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News