International News

ဟောင်ကောင်ဒေသ၏ စီးပွားရေးတိုးတက်သော်လည်း တစ်ပြေးညီတိုးတက်မှုမဟုတ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးပြောကြား

Last Updated:

မေခရိုစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေ တိုးတက်မှုရှိသော်လည်း စီးပွားရေးနယ်ပယ်အားလုံးတစ်ပြေးညီ တိုးတက်နေခြင်းမရှိဟု ဟောင်ကောင်ဒေသအစိုးရ၊ ဘဏ္ဍာရေးဝန်ကြီး မစ္စတာ Paul Chan က ၎င်း၏ ဘလော့စာမျက်နှာတွင် ရေးသားခဲ့သည်ဟု rthk  သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် “Economy improving but recovery uneven: FS”ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ယခုလအစောပိုင်းတွင် ဟောင်ကောင်ဒေသ၏ စတော့ရှယ်ရောင်းဝယ်မှုမှာ ကိုးလခန့်ဆက် တိုက်အဖြစ် ဆက်လက်မြင့်တက်နေပြီး၊ ၁၀ လဆက်တိုက် ကျဆင်းနေခဲ့သည့် အိမ်ရာဈေးနှုန်းမှာလည်း ပြန်လည်မြင့်တက်လာခဲ့သော်လည်း လက်လီရောင်းချမှုနှင့် စားသောက်ဆိုင်လုပ်ငန်းများမှာ စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရကြောင်းနှင့် စီးပွားရေးလုပ်ငန်းများ၏ ပြန်လည်ဦးမော့မှုမှာ တစ်ပြေးညီမဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသအစိုးရအနေဖြင့် ဈေးကွက်အနေအထားပြောင်းလဲမှုကို မူတည်၍ ပိုမို ကောင်းမွန်သော ဈေးကွက်အခြေအနေ ဖန်တီးပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဟောင်ကောင်ဒေသ တိုးတက်မှုအတွက် အခွင့်အလမ်းသစ်များ ဖော်ဆောင်နိုင်ရန် စီးပွားရေး အသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

ထို့ပြင် ၂၀၂၄ ခုနှစ်၊ ဒုတိယနှစ်ဝက်အတွင်း ဟောင်ကောင်ဒေသ၌ ပြုလုပ်သွားမည့် အခမ်း အနားကြီးများကို ဒေသအစိုးရမှ မကြာမီ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်းနှင့် တစ်ဦးချင်းသုံးစွဲမှု တိုးမြင့်ရေးအတွက် ဟောင်ကောင်ဒေသ၏ ထူးခြားသည့် လက္ခဏာရပ်များကို ခရီးသွားလုပ်ငန်း အတွေ့အကြုံများအဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News