International News

တောင်ကိုရီးယားနိုင်ငံ၏ အကြီးမားဆုံးတင်ပို့သည့်နိုင်ငံနေရာတွင် ရပ်တည်နေသော တရုတ်နိုင်ငံနေရာကို အမေရိကန်နိုင်ငံအစားထိုးလာနိုင်

Last Updated:

တောင်ကိုရီးယားနိုင်ငံ၏ အမေရိကန်သို့တင်ပို့မှုသည် ယခုနှစ်တွင် ၂၂ နှစ်အတွင်း ပထမဆုံးအနေဖြင့် တရုတ်နိုင်ငံကိုကျော်ဖြတ်နိုင်ကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၏ ကုန်သွယ်ရေးဝန်ကြီး ဌာနနှင့် အသေးစား၊ အလတ်စားလုပ်ငန်းများနှင့် စွန့်ဦးတီထွင်သူများဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရပါသည်။ ဇန်နဝါရီလမှ မေလအတွင်း အမေရိကန်သို့ တင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၅၃.၃ ဘီလီယံရှိခဲ့ပြီး တရုတ်နိုင်ငံသို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅၂.၆၉ ဘီလီယံရှိကြောင်းသိရပါသည်။ ကုမ္ပဏီကြီးများသည် ၎င်းတို့၏ တင်ပို့မှုဦးတည်ရာကို လွန်ခဲ့သည့်နှစ်ကတည်းက ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး အသေးစားနှင့် အလတ်စားလုပ်ငန်းများမှာ ၎င်းတို့၏ တင်ပို့မှုပုံစံကို နှစ်၂၀အတွင်း ပထမဆုံးအနေဖြင့် ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ဤပမာဏအတိုင်း ရှေ့ဆက်သွားမည်ဆိုပါက ၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအနေဖြင့် အမေရိကန်နိုင်ငံက တရုတ်နိုင်ငံကို ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်းသိရပါသည်။ ၂၀၂၃ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံမှ အမေရိကန်နိုင်ငံသို့တင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁၅.၇၁ ဘီလီယံရှိခဲ့ပြီး တရုတ်နိုင်ငံသို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၂၄.၈၁ ဘီလီယံရှိခဲ့သည့် အတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၉.၁ဘီလီယံပိုမိုရရှိခဲ့ကြောင်းသိရပါသည်။

အမေရိကန်နိုင်ငံသို့တင်ပို့မှုမှာ လွန်ခဲ့သည့်နှစ်ထက် ၅.၄ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အဓိကအားဖြင့် မော်တော်ယာဉ်များနှင့် ဘတ္ထရီအိုးများတင်ပို့ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ အမေရိကန်နိုင်ငံသို့ တင်ပို့မှုပမာဏမှာ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၇၄.၁၁ ဘီလီယံမှ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၅.၉ ဘီလီယံရောက်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ပထမဆုံးအနေဖြင့် အမေရိကန်ဒေါ်လာ ၁၀၀ ကျော်သွားကြောင်းသိရှိရပါသည်။ သို့သော် တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ၂၀၂၁ ခုနှစ်တွင် စံချိန်တင် အမေရိကန်ဒေါ်လာ ၁၆၂.၉၁ ဘီလီယံရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅၅.၇၉ ဘီလီယံနှင့် ၂၀၂၃ ခုနှစ်‌တွင် အမေရိကန်ဒေါ်လာ ၁၂၄.၈၁ ဘီလီယံအထိကျဆင်းခဲ့ကြောင်းသိရပါသည်။ သို့သော် တင်ပို့မှုဦးတည်ရာအလားအလာမှာ တရုတ်နိုင်ငံ၏စီးပွားရေးနလန်ထူလာမှုကြောင့် ပြောင်းလဲနိုင်ကြောင်းသိရပါသည်။ တရုတ်နိုင်ငံသည် ယခုနှစ်၏ ပထမလေးလတာကာလတွင် စီးပွားရေးတိုးတက်မှု ၅.၃ ရာခိုင်နှုန်းရှိခဲ့ပြီး  ခန့်မှန်းမှုများကိုကျော်ဖြတ်နိုင်ခဲ့ကာ မေလတစ်လတည်းတွင်ပင် ပြည်ပသို့ အမေရိကန်ဒေါ်လာ ၃၀၂.၃၅ ဘီလီယံထိတင်ပို့နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ မေလထက် ၇.၆ ရာခိုင်နှုန်းတင်ပို့မှုမြင့်တက်ခဲ့ကြောင်းသိရပါသည်။ တရုတ်နိုင်ငံစီးပွားရေးနှင့် ဘဏ္ဍာရေးသုတေသနအသင်း၏ အကြီးအကဲဖြစ်သူ Jean Byung Seo က အကယ်၍  တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် Display ဖန်သားပြင်ကဲ့သို့သော အလယ်အလတ်ကုန်ပစ္စည်းများတင်ပို့မှုမြင့်တက်လာပါက တရုတ်နိုင်ငံသည် နှစ်ကုန်တွင် ကိုရီးယား၏ အကြီးမားဆုံးတင်ပို့သည့်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဖြစ် ကြောင်း၊ အမေရိကန်နိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေမှာ တည်ငြိမ်နေသော်လည်း အလုံးစုံစီးပွားရေးမှာကျဆင်းလျက်ရှိကြောင်းနှင့် အကျိုးဆက်များကိုအနီးကပ်စောင့်ကြည့်ရန်လိုအပ် ကြောင်းပြောကြားခဲ့ပါသည်။

Source: Indina Shipping News

Source: https://www.doca.gov.mm

Category: International News