International News

အိန္ဒိယဈေးကွက်၌ သဘာဝရော်ဘာ ဈေးနှုန်းများ စံချိန်တင်မြင့်တက်

Last Updated:

အိန္ဒိယနိုင်ငံ ကီရာလာ (Kerala) ပြည်နယ်၌ ရော်ဘာဈေးနှုန်းမှာ မြင့်တက်လျက်ရှိကြောင်း၊ ရော်ဘာဘုတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ RSS အဆင့် ၄ မှိုင်းခံရော်ဘာပြားများ၏ တစ် ကီလိုဂရမ်ဈေးနှုန်းမှာ ၂၄၇ ရူပီး ရှိပြီး အဆိုပါဈေးနှုန်းသည် ၂၀၁၁ ခုနှစ် ဧပြီ လ ၅ ရက်နေ့တွင် စံချိန်တင်ရရှိခဲ့သည့် ၂၄၃ ရူပီး ထက်ကျော်လွန်မှုရှိခဲ့ကြောင်း၊ Kottayam မြို့ရှိ ကုမ္ပဏီတစ်ခုမှ ရော်ဘာပြားများကို ၂၅၅ ရူပီးနှုန်းပေး၍ ဝယ်ယူနေသည့်အတွက် ရော်ဘာသမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးပေးဝယ်ယူနေခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

ကုန်သည်များက တရားဝင်ထုတ်ပြန်သည့် ရော်ဘာ တစ်ကီလိုဂရမ်၏ ဈေးနှုန်းမှာ ၂၄၂ ရူပီး ရှိသည်။ နိုင်ငံတကာ ဈေးနှုန်းနှင့် အိန္ဒိယဈေးကွက်အကြား  ဈေးနှုန်းကွာဟချက် ၄၄ ရူပီး ရှိနေပြီး ဘန်ကောက်ဈေးကွက်တွင် ရော်ဘာ တစ်ကီလိုဂရမ်ဈေးနှုန်းသည် ၂၀၃ ရူပီး ရှိကြောင်း သိရှိ ရပါသည်။ ဈေးနှုန်းများမြင့်တက်လာမှုသည် စိုက်ပျိုးရေးကဏ္ဍအပေါ် သက်ရောက်မှုရှိပြီး မိုးရွာသွန်းမှု အလွန်နည်းပါးသော တောင်ပိုင်းဒေသရှိ ခရိုင်များတွင် ရော်ဘာအစေးခြစ်ခြင်းကို အရှိန် မြှင့်တင် လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

ရော်ဘာဘုတ်အဖွဲ့၏ ပြောကြားချက်အရ မှိုင်းခံရော်ဘာပြားများသည် စီးပွားရေးတွက်ခြေကိုက်မှုရှိသည့်အတွက် စိုက်ပျိုးသူများအနေဖြင့် ရော်ဘာအစေး (Latex) မှ ရော်ဘာအပြား ရရှိ‌အောင် ထုတ်လုပ်သင့်ကြောင်း၊ ရော်ဘာအ‌စေး အနေဖြင့်လည်း ဈေးကောင်းရရှိသည့် မှတ်တမ်းရှိကြောင်း စသည်ဖြင့်သိရှိရပါသည်။

ခြောက်သွေ့ရော်ဘာပါဝင်မှု (DRC) ၆၀ ရာခိုင်နှုန်းပါဝင်သည့် ရော်ဘာစေး ဈေးနှုန်းမှာ ၁၇၃ ရူပီးဖြစ်ပြီး၊ ၇၅ နှစ်သက်တမ်း ရှိပြီဖြစ်သည့် အိန္ဒိယရော်ဘာဈေးကွက်၏ သမိုင်းတွင် အမြင့်ဆုံးဈေးနှုန်းဟု ဆိုရမည်ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ၌ ရော်ဘာ တစ်ကီလိုဂရမ်ဈေးနှုန်းသည် ၁၉၅၀ ပြည့်နှစ်တွင် ၃ ရူပီး ထိရှိခဲ့ပါသည်။ ရာစုနှစ်တစ်ခု၏ ထက်ဝက်အကြာထိ ရော်ဘာဈေးနှုန်းသည် ၁၀ ရူပီး အောက်၌သာ ဆက်လက်ရှိနေခဲ့ပါသည်။ ၁၉၇၉ ခုနှစ်တွင် ၁၀ ရူပီးနှုန်းသို့ ရောက်ရှိခဲ့ပြီး ၂၀၀၈ ခုနှစ်သို့ရောက်မှသာ ရူပီး ၁၀၀ နှုန်းထားကို ကျော်လွန်ရောက်ရှိလာခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: Mathrubhumi, 10 August 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News