International News

စင်ကာပူဈေးကွက်သို့ ဝင်ရောက်နိုင်ရေး ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် ကြိုးပမ်း

Last Updated:

ကမ္ဘောဒီးယားနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ဆန်တင်ပို့မှု သိသာစွာတိုးမြှင့်ရန် ရည်ရွယ်လျက် ကာလရှည် ဆန်ထောက်ပံ့မှု သဘောတူညီချက်တစ်ရပ်ကို ထူထောင်နိုင်ရန် ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ် (CRF) နှင့် စင်ကာပူနိုင်ငံ၏ အကြီးဆုံး လက်လီရောင်းချမှုလုပ်ငန်းများ အနက် တစ်ခုဖြစ်သည့် NTUC FairPrice Group တို့အကြား ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင် လျက်ရှိကြောင်း သိရပါသည်။

အဆိုပါဆန်စပါးသဘောတူညီချက်နှင့်စပ်လျဉ်း၍ ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းချုပ်၏ ဥက္ကဌ Chan Sokheang သည် စင်ကာပူနိုင်ငံ NTUC Fairprice Group ၏ သီးခြားဒါရိုက်တာ တစ်ဦးဖြစ်သည့်  Ho Wah Lee နှင့် ဖနွမ်းပင်မြို့တွင် တွေ့ဆုံခဲ့ကြောင်း၊ NTUC FairPrice သည် စင်ကာပူနိုင်ငံ၌ စူပါမားကတ်ဆိုင်ခွဲများ ဖွင့်လှစ်ရောင်းချသည့် အကြီးဆုံးလုပ်ငန်းဖြစ်ပြီး အမျိုးသားကုန်သည်လုပ်ငန်းရှင်များသမဂ္ဂ (National Trades Union Congress - NTUC) ၏ သမဝါယမ ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းစုသည် စင်ကာပူနိုင်ငံတစ်ဝန်းတွင် စူပါမားကတ်ပေါင်း ၁၀၀ ကျော်နှင့် ၂၄ နာရီကာလပတ်လုံး ဖွင့်လှစ်ရောင်းချသည့် Cheers convenience စတိုးဆိုင်ခွဲ ပေါင်း ၁၆၀ ကျော် ရှိကြောင်း သိရပါသည်။

စင်ကာပူနိုင်ငံသည် စိုက်ပျိုးထုတ်လုပ်ရန် မြေနေရာ အကန့်အသတ်ရှိပြီး ၎င်း၏ စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် သွင်းကုန်များအပေါ် ကြီးမားစွာ အမှီပြုနေရမှုနှင့်အတူ ကုန်သွယ်မှုကို ချဲ့ထွင်ရန်နှင့် ရေရှည်တည်တံ့သော မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်နိုင်မည့်နည်းလမ်းများကို နှစ်နိုင်ငံလုံးရှိ လုပ်ငန်းရှင်များက ရှာဖွေနေကြပါသည်။ စင်ကာပူနိုင်ငံတွင် စားနပ်ရိက္ခာဖူလုံမှုရှိစေရေး တစ်စိတ်တစ်ပိုင်းအနေဖြင့် ရေရှည်တည်တံ့သော မိတ်ဖက် ပူးပေါင်းမှု အစီအစဉ်ကို ချမှတ်နိုင်ရန် ယခုဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

ဆန်တင်ပို့ရမှု ပမာဏမှာ နည်းပါးသော်လည်း စင်ကာပူနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်တင်ပို့ ရန် ရည်မှန်းသည့်နိုင်ငံများထဲမှ တစ်ခုဖြစ်ကြောင်း CRF အထွေထွေအတွင်းရေးမှူး Lun Yeng က ဩဂုတ်လ ၈ ရက်နေ့တွင် Khmer Times သို့ ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့အကြား ကာလရှည်ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ပါက ဒေသတွင်း စိုက်ပျိုးရေးကုန်သွယ်မှုအတွက် စံနမူနာတစ်ခု ဖြစ်လာနိုင်ကြောင်းနှင့် ၎င်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်ဈေးကွက်များ တိုးချဲ့နိုင်ရေးနှင့် သမားရိုးကျ ကုန်သွယ်ဖက်များအပေါ် မှီခိုအားထားမှုကို လျှော့ချနိုင်ရေး ကြိုးပမ်းမှုများကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမခြောက်လအတွင်း ဆန် ၃၃၈၆၅၄ တန် တင်ပို့ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၂ ဒသမ ၇ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း CRF ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အာဆီယံအဖွဲ့ဝင် (၇) နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၅၁ သန်း တန်ဖိုးရှိသော ဆန်တန်ချိန် ၇၄၅၅၄ တန်ကို တင်ပို့နိုင်ခဲ့ကြောင်း၊ ပြည်ပသို့ တင်ပို့သည့် ဆန်အမျိုးအစားများမှာ ဆန်မွှေး၊ ဆန်ဖြူ၊ ပေါင်းဆန်နှင့် အော်ဂဲနစ်ဆန်များ ပါဝင်ကြောင်း သိရပါသည်။

Source: Khmer Times, 9 Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News