International News

ယခုနှစ် ပထမ ၇ လ၌ ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်တင်ပို့မှု ၄.၆% တိုးတက်

Last Updated:

ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမ (၇) လတွင် ဆန် ၃၇၉၅၄၆ တန် တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် အလားတူကာလ၌ တန်ချိန် ၃၆၂၇၀၈ ရှိရာ ၄.၆% တိုးတက်လာကြောင်း၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၂၈၀ သန်း ရရှိခဲ့ရာ ယခင်နှစ်ကာလတူ၌ စံချိန်တင်ခဲ့သော ဒေါ်လာ ၂၅၃ သန်းထက် ပိုမိုခဲ့ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) ၏ ၁၂-၈-၂၀၂၄ ရက်နေ့ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါကာလအတွင်း တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားဆန်ကို အများဆုံးတင်သွင်းသည့် နိုင်ငံအဖြစ် တန်ဖိုး ဒေါ်လာ ၄၈ သန်းရှိသော ဆန် ၇၇၂၀၄ တန်ကို ဝယ်ယူခဲ့သည်။ ထို့အပြင် ဥရောပသမဂ္ဂရှိ နိုင်ငံပေါင်း ၂၆ နိုင်ငံသို့ ဒေါ်လာ ၁၄၄ သန်းတန်ဖိုးရှိ ဆန် ၁၈၆၃၇၇ တန်၊ တီမော လက်စတီ အပါအဝင် အာဆီယံဒေသတွင်း (၇) နိုင်ငံသို့ တန်ဖိုး ဒေါ်လာ ၅၃ သန်းရှိသော ဆန် ၇၇၉၃၃ တန်နှင့် အခြားနိုင်ငံများသို့ ဆန်တန်ချိန် ၃၈၀၃၂ တန်၊ တန်ဖိုး ဒေါ်လာ ၃၃ သန်း တို့ကိုအသီးသီး တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။

ပြည်ပသို့ တင်ပို့သည့် ဆန်အမျိုးအစားများမှာ ဆန်မွှေး၊ စပါးရှည်ဆန်ဖြူ၊ ပေါင်းဆန်နှင့် အော်ဂဲနစ်ဆန်များ ပါဝင်ကြောင်း၊ ဆန်မွှေးတင်ပို့မှုသည် စုစုပေါင်းတင်ပို့မှု၏ ၇၀.၅% ရှိကြောင်း ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ စျေးကွက်သစ်များမြှင့်တင်ရန်၊ အရည်အသွေးကောင်းမွန်သော ထုပ်ပိုးမှုနှင့် အစိုးရနှင့် ဘဏ်များ၏ ငွေကြေးပံ့ပိုးမှုဖြင့် စွမ်းဆောင်ရည် မြင့်မားသော ဆန်စက်များ ဖြစ်ပေါ်လာစေရန် ကြိုးပမ်းမှုများကြောင့် ပို့ကုန်များ တိုးတက်လာခြင်းဖြစ်သည်ကို အသိအမှတ်ပြုကြောင်း CRF ဥက္ကဌ Chan Sokheang က Khmer Times သို့ ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည် အလားတူကာလအတွင်း အိမ်နီးချင်းနိုင်ငံများသို့ ဒေါ်လာ ၇၈၄ သန်း တန်ဖိုးရှိ စပါး ၂၇၁၁၁၇၉ တန် တင်ပို့ခဲ့ကြောင်း၊ စိုက်ပျိုးရေးဝန်ကြီးဌာန၏ အဆိုအရ ကမ္ဘောဒီးယားတွင် စပါးစိုက်ဧရိယာ ဟက်တာ ၃.၅၄ သန်းရှိပြီး နှစ်စဉ် စပါးတန်ချိန် ၁၂.၄၉ သန်း ထွက်ရှိကြောင်း၊ ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းပြီးနောက် ပိုလျှံမှုမှာ စပါးတန်ချိန် ၆.၅ သန်း ရှိသဖြင့် ဆန်ပိုမိုတင်ပို့နိုင်ကြောင်း သိရသည်။

လက်ရှိကာလတွင် CRF သည် ဘဏ်များနှင့် ကမ္ဘောဒီးယား ကြွေးမြီအာမခံ ကော်ပိုရေးရှင်း (CGCC) တို့နှင့် ပူးပေါင်း၍ ရိတ်သိမ်းရာသီတွင် စပါးသိုလှောင်ရန်အတွက် လုပ်ငန်းအရင်းအနှီး အဖြစ် ချေးငွေပိုမိုထုတ်ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ CRF အနေဖြင့် ၂၀၂၅ ခုနှစ်တွင် အနည်းဆုံး ဆန်တန်ချိန်တစ်သန်း တင်ပို့ရန် ရည်မှန်းချက် ချမှတ်ထားကြောင်းနှင့် လွန်ခဲ့သော ၂ နှစ်တာကာလအတွင်း ဆန်တင်ပို့မှု တိုးတက်လာမှုအပေါ် အခြေခံပြီး အဆိုပါပန်းတိုင်သို့ အရောက်လှမ်းနိုင်မည်ဟု အခိုင်အမာမျှော်လင့်ပါကြောင်း Sokheang က ပြောကြားခဲ့သည်။

Source: Khmer Times, 13 Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News