International News

မလေးရှားနိုင်ငံ၏ စားအုန်းဆီလက်ကျန်နည်းပါးမှု ပြန်လည်မြင့်တက်ဖွယ်ရှိ

Last Updated:

မလေးရှားနိုင်ငံ၏ စားအုန်းဆီ လက်ကျန်ပမာဏသည် မကြာသေးမီက ကျဆင်းလာခဲ့ပြီးနောက် လာမည့်လများအတွင်း ပြန်လည်တိုးလာနိုင်ပြီး တန်ချိန် နှစ်သန်းအထိ ရောက်ရှိနိုင်ခြေရှိသည်ဟု ဈေးကွက်သုတေသနအဖွဲ့များက ခန့်မှန်းတွက်ချက်လျက်ရှိကြောင်း မလေးရှား အခြေစိုက် Bernama သတင်းဌာနက ဩဂုတ်လ ၁၃ ရက်နေ့တွင် ဖော်ပြပါသည်။ မလေးရှားနိုင်ငံ၏ စားအုန်းဆီလက်ကျန်မှာ ၂၀၂၄ ခုနှစ်၊ မတ်လနောက်ပိုင်း ပထမဆုံး အကြိမ်ကျဆင်းလျက် ဇူလိုင်လတွင် တန်ချိန် ၁ ဒသမ ၇၃ သန်း ခန့်သာရှိပြီး ယခင်လ လက်ကျန် ပမာဏနှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရပါသည်။

ဆီအုန်းစိုက်ခင်းကဏ္ဍ၏ အလားအလာမှာ ပုံမှန်အခြေအနေအတိုင်းရှိမည်ဟု ၎င်းတို့၏ သုံးသပ်မှုအား ဆက်လက်ထိန်းသိမ်းလျက် စားအုန်းဆီလက်ကျန်ပမာဏမှာ ပိုမိုမြင့်တက်လာနိုင် ဖွယ်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုဘဏ်များဖြစ်သည့် Hong Leong Investment Bank, RHB Investment Bank နှင့် Maybank Investment Bank တို့မှ သုတေသနပညာရှင်များက ဩဂုတ်လ ၁၃ ရက်နေ့ ထုတ်ပြန်သည့် ခန့်မှန်းချက်များတွင် ဖော်ပြပါသည်။  

သီးနှံစိုက်ပျိုးမှုပုံစံတွင် ရာသီအလိုက်တိုးတက်လာခြင်းကြောင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် စားအုန်းဆီသိုလှောင်မှု လက်ကျန်ပမာဏသည် ပြန်လည်တိုးတက်လာဖွယ်ရှိမည်ဟု မျှော်လင့်ကြကြောင်း၊ သို့သော် ပဲပုပ်ဆီ‌ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းကွာဟချက်နည်းပါးမှုကြောင့် စားအုန်းဆီတင်ပို့မှုမှာ အားနည်းသွားဖွယ်ရှိကြောင်း၊ အဓိကတင်သွင်းသည့် နိုင်ငံများတွင် ဆီ လက်ကျန်နည်းပါးခြင်းနှင့် ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်စွမ်း ကောင်းမွန်ခြင်းတို့ကြောင့် ဇူလိုင်လ၌ စားအုန်းဆီတင်ပို့မှုသည် ၃၉ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်လျက် တန်ချိန် ၁ ဒသမ ၆၉ သန်းအထိ မြင့်တက်ခဲ့ကြောင်း Hong Leong ရင်းနှီး မြှုပ်နှံမှုဘဏ်က မှတ်ချက်ပြုခဲ့သည်။

ဇူလိုင်လ၌ မလေးရှားနိုင်ငံမှ စားအုန်းဆီကို အာဖရိက၊ တရုတ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယနှင့် အရှေ့အလယ်ပိုင်း‌ဒေသနိုင်ငံများသို့ အများဆုံးတင်ပို့ခဲ့ကြောင်း၊ သြဂုတ်လ ပထမ ၁၀ ရက်အတွင်း တင်ပို့မှုသည် ယခင်လ ကာလတူတင်ပို့နိုင်မှုနှင့် နှိုင်းယှဉ်ပါက ၁၂ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အိန္ဒိယနှင့် အရှေ့အလယ်ပိုင်းသို့ တင်ပို့မှုနည်းပါးခြင်းကြောင့် တန်ချိန် ၄၇၀၇၀၀ သို့ ကျဆင်းခဲ့ ခြင်းဖြစ်ကြောင်း ကုန်တင်စစ်တမ်း ကောက်ယူသူ Intertek Services ကုမ္ပဏီ၏ စစ်တမ်းတွင် ဖော်ပြပါသည်။

RHB ရင်းနှီးမြှုပ်နှံမှုဘဏ်က လာနီညာကဲ့သို့ ကြိုတင်မမျှော်မှန်းနိုင်သော ရာသီဥတုဖြစ်စဉ်များကို တုံ့ပြန်တားဆီးနိုင်ခြင်းဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း တန်ချိန် ၂ သန်းကျော်ရှိလာနိုင်ကာ ကုန်လက်ကျန်ပမာဏများ တဖြည်းဖြည်းတိုးတက်လာမည်ဟုမျှော်လင့်ပါကြောင်း၊ မလေးရှား စားအုန်းဆီကြမ်း (CPO) အတွက် သင်္ဘောပေါ်အရောက် FOB စျေးနှုန်း သည် ၂၀၂၄ ခုနှစ်အတွက် တစ်တန်လျှင် မလေးရှားရင်းဂစ် ၃၉၀၀ နှင့် ၂၀၂၅ ခုနှစ်အတွက် တစ်တန်လျှင် မလေးရှားရင်းဂစ် ၃၈၀၀ ရှိမည်ဟူသော ခန့်မှန်းချက်ကို ဆက်လက် ထိန်းသိမ်းထားပါကြောင်း ပြောဆိုပါသည်။

ဩဂုတ်လအတွင်း တင်ပို့မှုအားနည်းနေမည်ဟု ယူဆမှုနှင့်အတူ ဆီလက်ကျန်ပမာဏ ပိုမိုမြင့်တက်ပြီး လကုန်၌ တန်ချိန် ၁ ဒသမ ၉ သန်း ရှိနိုင်မည်ဟု မျှော်မှန်းရကြောင်း၊ စားအုန်းဆီ ထုတ်လုပ်မှု အမြင့်မားဆုံး ကာလဖြစ်သည့် သြဂုတ်လမှ အောက်တိုဘာလအထိ သိုလှောင်မှု လက်ကျန် ဆက်လက်မြင့်တက်ဖွယ်ရှိကြောင်း၊ ရှေ့လာမည့် နှစ်လအတွင်း စားအုန်းဆီကြမ်း စျေးနှုန်းများအပေါ် ရာသီအလိုက် ဖိအားသက်ရောက်မှုရှိမည်ဟု ခန့်မှန်းရသော်လည်း စားအုန်း ဆီကြမ်း တစ်တန်လျှင် ပျမ်းမျှရောင်းဈေးသည် ၂၀၂၄ ခုနှစ်၌ ၄ ဒသမ ၁  ရာခိုင်နှုန်း တိုးတက်လျက် မလေးရှားရင်းဂစ် ၃၈၅၀ နှုန်းနှင့် ၂၀၂၅ ခုနှစ်တွင် ၂ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ပြီး မလေးရှား ရင်းဂစ် ၃၇၀၀ နှုန်းရှိနိုင်ကြောင်း Maybank ရင်းနှီးမြှုပ်နှံမှုဘဏ်က ပြောကြားခဲ့သည်။ 
Public Investment Bank က တစ်နှစ်ပတ်လုံး စားအုန်းဆီထုတ်လုပ်မှု၏ ၅၅ ရာခိုင် နှုန်းဖြစ်သော တန်ချိန် ၁၉ ဒသမ ၅ သန်းကို ၂၀၂၄ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၇ လအတွက် ထုတ်လုပ်မှုသည် ယခင်နှစ်ကာလတူထက် ၁၀ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လျက် တန်ချိန် ၁၀ ဒသမ ၇ သန်း ရှိခဲ့ကြောင်း၊ မလေးရှား ကျွန်းဆွယ်၌ ထုတ်လုပ်မှု ပိုမိုအားကောင်းလာပြီး ၁၃ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ အရှေ့မလေးရှားတွင် တိုးတက်မှု ၁၅ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း၊ လာမည့် အစီရင်ခံစာများတွင် စားအုန်းဆီ လက်ကျန်အခြေအနေအပါအဝင် ပျမ်းမျှရောင်းဈေးနှုန်းများ (Average Selling Prices -ASPs)၊ တစ်ယူနစ်ကုန်ကျစရိတ်နှင့် ထုတ်လုပ်မှုအခြေအနေတို့ကို ထည့်သွင်းသုံးသပ်ဆောင်ရွက် မည်ဖြစ်ကြောင်း  ပြောကြားခဲ့ပါသည်။

Source: Bernama , 13th Aug, 2024 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News