Local News

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်မှ ထွက်ရှိသည့် မတ်ပဲများ ဒီဇင်ဘာလအတွင်း ရန်ကုန်ဈေးကွက်သို့ အိတ်ရေ အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်မှ ထွက်ရှိသည့် မတ်ပဲများ ဒီဇင်ဘာလအတွင်း ရန်ကုန်ဈေးကွက်သို့ အိတ်ရေ အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျုံပျော်မြို့နယ်လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သင်းသင်းက ပြောပြသည်။ ကျုံပျော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းက မတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၄၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ မတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၆၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ ကျုံပျော်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များက မတ်ပဲများ ဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ “ကျုံပျော်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ဒီဇင်ဘာလထဲမှာ မတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၆၄၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိလဲ ဒေသထွက်ပဲတွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်။ မတ်ပဲတွေကိုတော့ ပြည်ပဈေးကွက်အနေနဲ့ တရုတ်နိုင်ငံဘက်ကို အများဆုံး တင်ပို့ရောင်းချတာ ဖြစ်ပါတယ်။ အခု ပြည်ပဈေးကွက်က တော်တော် အဝယ်လိုက်လာတယ်လို့ သိရပါတယ်” ဟု ကျုံပျော်မြို့နယ် လယ်ယာထွက်ကုန် ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သင်းသင်းက ပြောပြ၍ သိရသည်။ ကျုံပျော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် မတ်ပဲ ၁၆ ပြည့် ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၁၇၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ မတ်ပဲများအရောင်းအဝယ် ကောင်းမွန်လာခြင်းကြောင့် တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူ များ အဆင်ပြေလျက်ရှိကြကြောင်း ကျုံပျော်မြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သင်းသင်းထံမှ ပြောပြ၍ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News