ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း တီလားဗီးယားငါးများ ပိုမိုတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဖြိုးဖြိုးက ပြောပြသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းက တီလားဗီးယား ပိဿာချိန် ၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ တီလားဗီးယား ပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသမှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဒေသထွက် ရေထွက်ကုန်များကို ဝယ်ယူပြီးစနစ်တကျ သန့်စင်ကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ “ကျိုက်လတ်မြို့နယ်ကနေ ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချပါတယ်။ ရန်ကုန်ဈေးကွက်ကလဲ တီလားဗီးယားတွေကို ဝယ်ယူမှုအားကောင်းနေပါတယ်။ တီလားဗီးယား ပိဿာချိန်တွေ တော်တော်များများ တင်ပို့ရောင်းချခဲ့ရတာကြောင့် ပွဲရုံပိုင်ရှင်တွေနဲ့ ကုန်သည်တွေပါ အလုပ်အကိုင်အဆင်ပြေပါတယ်” ဟု ကျိုက်လတ်မြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဖြိုးဖြိုးက ပြောပြသည်။ ကျိုက်လတ်မြို့နယ်တွင် မွေးမြူသည့် တီလားဗီးယားနှင့် သဘာဝအတိုင်း ဖမ်းဆီးရရှိသည့် တီလားဗီးယားများထွက်ရှိပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါ ဒေသမှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် တီလားဗီးယား တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀၀ ထိ ပေါက်ဈေးရှိကြောင်း ကျိုက်လတ်မြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဖြိုးဖြိုးထံမှ သိရှိရသည်။
Source: ရတနာပုံ သတင်းစာ