Local News

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း နှစ်လခွဲ စပါးတင်းရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း နှစ်လခွဲ စပါးတင်းရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ကြောင်း ဘိုကလေးမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိခိုင်က ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလက နှစ်လခွဲစပါးတင်းရေ ၅၃၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ နှစ်လခွဲစပါးတင်းရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ တစ်လအတွင်း နှစ်လခွဲစပါးတင်းရေ ၇၅၀၀၀ ထိ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့ရပါတယ်။ ဘိုကလေးမြို့ကနေ စပါးတွေ ဆန်တွေနဲ့ အခြားလယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အများဆုံး တင်ပို့ရောင်းချပါတယ်။ အဲ့ဒီစပါးတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုကောင်းနေလို့ တင်ပို့မှုကောင်းခဲ့တာ ဖြစ်ပါတယ်။ နှစ်လခွဲစပါးကို ရန်ကုန်ဈေးကွက်က အခုလထဲမှာလဲ အများအပြားဝယ်ယူဖို့ ချိတ်ဆက်မှုတွေရှိနေပါတယ်။ အခြားစပါးတွေနဲ့ ယှဉ်ရင်ပြီးခဲ့တဲ့တစ်လအတွင်း နှစ်လခွဲစပါးက အရောင်းအဝယ်ပို ဖြစ်နေပါတယ်” ဟု ဘိုကလေးမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိခိုင်က ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း တင်ပို့ရောင်းချခဲ့သည့် နှစ်လခွဲစပါး တင်းရေ ၁၀၀ လျှင် ငွေကျပ် ၁၉၉၅၀၀၀ ထိဈေးပေါက်နေကြောင်း ဘိုကလေးမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိခိုင်ထံမှ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ                        

Category: Local News