ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ဖူးစားပြောင်း အဖူးရေ ၉၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ကြောင်း ညောင်တုန်းမြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဖြူဖြူဝင်း ကပြောပြ၍ သိရသည်။ ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ဖူးစားပြောင်း အဖူးရေ ၆၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ဖူးစားပြောင်း အဖူးရေ ၉၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ညောင်တုန်းမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို နိုဝင်ဘာလအတွင်းက ဖူးစားပြောင်းအဖူးရေ ၉၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ညောင်တုန်းမြို့နယ်က ဖူးစားပြောင်းတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအားကောင်းနေလို့ တင်ပို့ရောင်းချအားတက်ခဲ့တာ ဖြစ်ပါတယ်။ ကုန်ပစ္စည်းတွေ များများတင်ပို့ရောင်းချနေရတော့ ကုန်သည်တွေကအစ အလုပ်အကိုင်အခွင့်အလမ်းတွေကောင်းလာ ပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ဖူးစားပြောင်းတွေက အရည်အသွေးကောင်းပါတယ်” ဟု ညောင်တုန်းမြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဖြူဖြူဝင်းက ပြောပြသည်။ ညောင်တုန်းမြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဖူးစားပြောင်းများကို ကုန်တင်ကားများဖြင့် ရန်ကုန်ဈေးကွက် သို့ တင်ပို့ရောင်းချလျက်ရှိရာ ဖူးစားပြောင်းအဖူးရေ ၁၀၀၀ လျှင် ငွေကျပ် ၂၉၀၀၀၀ မှ ၃၄၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ