ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ကဏန်းပျော့ပိဿာချိန် ၇၉၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်သူဇာဝင်းက ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ကဏန်းပျော့ပိဿာချိန် ၅၃၀၀၀ သာ တင်ပို့ရောင်းချခဲ့ရပြီး ယခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကဏန်းပျော့ပိဿာချိန် ၇၉၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။ “ကဏန်းပျော့တွေကို ရန်ကုန်ဈေးကွက်က အရင်ကထက် ပိုမိုဝယ်ယူခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာလထက် ဇန်နဝါရီလအတွင်းမှာ ကဏန်းပျော့ပိဿာချိန် ၂၆၀၀၀ ထိ ပိုမိုတင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်ကို ရေထွက်ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချမှုအားကောင်းတော့ ကဏန်းပျော့လဲ အရောင်းအဝယ်ကောင်းခဲ့တာဖြစ်ပါတယ်။ ဖျာပုံမြို့နယ်ကနေထွက်ရှိတဲ့ ကဏန်းပျော့တွေကို ရန်ကုန်ဈေးကွက်ထဲ အဓိကတင်ပို့ရောင်းချခဲ့ပါတယ်” ဟု ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာဝင်းက ပြောပြသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည် ကဏန်းပျော့တစ်ပိဿာလျှင် ငွေကျပ် ၁၇၅၀၀ မှ ၃၅၀၀၀ ထိပေါက်ဈေးရှိကြောင်း၊ အဆိုပါ ကဏန်းပျော့များ ပုံမှန်တင်ပို့ရောင်းချနေရသည့်အတွက် ရေလုပ်သားများ၊ အရောင်းအဝယ်လုပ်ငန်းရှင်များ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်သည်များ၊ ကုန်တင်ယာဉ် အငှားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ