Local News

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း နေလှန်းဆား ပိဿာချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ဒေသထွက်နေလှန်းဆား ပိဿာချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ငပု‌တောမြို့နယ် နေလှန်းဆားထုတ်လုပ်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်အိအိအေးက ပြောပြသည်။ ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ဒေသထွက်နေလှန်းဆားပိဿာချိန် ၆၃၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ နေလှန်းဆား ပိဿာချိန် ၇၈၀၀၀ ထိတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ငပုတောမြို့နယ်ကနေ ဒေသထွက်နေလှန်းဆားတွေ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း နေလှန်းဆားပိဿာချိန် ၇၈၀၀၀ ထိ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ အခုလို ဆားအရောင်းအဝယ်ကောင်းလာတော့ ဆားထုတ်လုပ်တဲ့လုပ်ငန်းနဲ့ ဆက်စပ်သူ တွေ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး အဆင်ပြေလာပါတယ်” ဟု သိရသည်။ ငပုတောမြို့နယ်တွင် ဒေသထွက် နေ လှန်းဆားများကို ဆားလုပ်ငန်းရှင်များက စနစ်ကျထုတ်လုပ်ပြီး ရန်ကုန်ဈေးကွက်သို့ အဓိကထား တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ နေလှန်းဆား ၁၀ ပိဿာလျှင် ငွေကျပ် ၄၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါဒေသထွက် နေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည်စသည့် လုပ်ငန်းများတွင် အဓိကအသုံးပြုကြောင်း ပွဲရုံပိုင်ရှင် ဒေါ်အိအိအေးထံမှ သိရှိရသည်။   

Source: ရတနာပုံသတင်းစာ

Category: Local News