ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ငါးသလောက် ပိဿာချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲ ရုံပိုင်ရှင် ဒေါ်လဲ့လဲ့က ပြောပြသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ငါးသလောက်ပိဿာချိန် ၇၂၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ ငါးသလောက်ပိဿာချိန် ၉၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ဒေသထွက် ရေထွက်ကုန်တွေ ရန်ကုန် ဈေးကွက်ကို ပုံမှန်တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ငါးသလောက် ပိဿာချိန် ၉၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ မော်လမြိုင်ကျွန်းမြို့နယ်က တင်ပို့ရောင်းချခဲ့တဲ့ ငါးသလောက်တွေက လတ်ဆက်မှုနဲ့ အရွယ်အစားအလေးချိန်ပေါ်မူတည်ပြီး ဈေးအပြောင်းအလဲ ရှိပါတယ်။ လက်ရှိလဲ ငါးသလောက်တွေ အဝယ်လိုက်နေပါတယ်။ ဒီဘက်ကနေ တင်ပို့တဲ့ ငါးသလောက်တွေကို ဒေသဈေးကွက်အပြင် အခြားဒေသတွေကို ပြန်လည်တင်ပို့ရောင်းချနေပါတယ်” ဟု သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ငါးသလောက် အသေးတစ်ပိဿာလျှင် ငွေကျပ် ၁၉၅၀၀၊ အလတ်တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀၀ မှ ၃၅၅၀၀ ၊ အကြီးတစ်ပိဿာလျှင် ငွေကျပ် ၅၅၀၀၀ မှ ၇၅၀၀၀ ထိ အရွယ်အစားပေါ် မူတည်ပြီး ဈေးအပြောင်းအလဲရှိကြောင်း သိရှိရသည်။
Source: ရတနာပုံသတင်းစာ